Tuesday, June 30, 2009

အားအင်သစ်

အခန်း(၁)
အဲ့ဒီနေ့က မိုးမရွာခဲ့ပါ။
ကျွန်မ ဒီလိုရက်မျိုးကို တစ်နေ့နေ့ကြုံမှာ သိသော်လည်း ကျွန်မဆီသို့ ဒီလောက်မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါ။ ကံကြမ္မာလေရူးက ကျွန်မထံသို့ တည့်တည့်မတ်မတ် ရိုက်ခတ်လေပြီ။ အသက်၂၆နှစ်ရှိပြီဖြစ်သော ကျွန်မအတွက် ဒီအဖြစ်ဆိုးသည် ကမ္ဘာပျက်သလိုပဲ။ ခိုနားရာရင်ခွင်တစ်စုံကို လက်လွှတ်ဆုံးရှုံးခဲ့ရလို့ပါပဲ။ ဟုတ်တယ်။ မောင်…………ကျွန်မရဲ့ တစ်ဦးတည်းသော အားကိုးရာ၊ချစ်လှစွာသော မောင်၊ အခုတော့ ကျွန်မအနားမှ မောင်ထာဝရထွက်ခွာသွားလေပြီ…………………………….
မောင်နဲ့ စတွေ့တုန်းကမောင်က Botany ကျောင်းသား၊ ကျွန်မက Eco ကျောင်းသူ၊ ကျွန်မ၏ သူငယ်ချင်းအရင်း သီတာ၏ မိတ်ဆက်ပေးမှုကြောင့် မောင်နှင့်ကျွန်မ သိခဲ့ရသည်။ ကျွန်မတို့ ဒုတိယနှစ်မှာ မောင်နှင့်ကျွန်မ ချစ်သူဖြစ်ခဲ့ကြသည်။
“မောင် ခေတ်အနားက ဘယ်တော့မှခွဲမသွားနဲ့နော်။” မောင်ရင်ခွင်ထဲ ခေါင်းအပ်ပြီး တီတီတာတာပြောခဲ့ဖူးသည်။
“ခွဲမသွားပါဘူးခေတ်ရဲ့၊မောင်ကခေတ်အနုားမှာခေတ်ဆံပင်တွေဖြူ၊၀၀တုတ်တုတ်ကြီးဖြစ်သွားတဲ့ အထိအတူတူနေမှာ။”
“နေပါအုံး ဆံပင်ဖြူတာတော့ဟုတ်ပါပြီ။ ခေတ် အသက်ကြီးလာရင် ၀မယ်လို့ ဘာလို့ကြိုပြောနိုင်တာလဲ။”
“ဟင်း ဟုတ်တယ်လေ သမီးလိုချင်ရင် အမေကိုကြည့်ရတယ်တဲ့ အခုခေတ်ရဲ့ အမေကိုကြည့်ပါလား။ ခေတ်ဆိုရင်ပိုဆိုးမယ်။ဟားဟား……….ဟား”
“သွား…………….. ဘာမှန်းမသိဘူး။” ခေတ်မောင့်ကို လက်သီးဆုပ်လေးနှင့်အသာထုလိုက်သည်။ ချစ်သူနှစ်ဦးရဲ့ ရယ်သံပျံ့လွင့်သွားသည်။
အခန်း(၂)
ဟုတ်တယ် မောင်အဲ့ဒီတုန်းက ကတိပေးခဲ့တယ်။အသက်ကြီးသွားလည်း အတူတူနေမယ်လို့။အခုတော့ နုပျိုဆဲဖြစ်သော ခေတ်နှင့် ၅နှစ်သာသာရှိသေးသော သားလေး နီတာအား ချန်ရစ်ပြီး လူ့ဘ၀ကို အပြီးအပိုင်နုတ်ဆက်လေပြီ။
“မောင် ဒီလိုဆို ကတိမတည်တာပဲ မေမေ။ သူသမီးကိုပေးထားတဲ့ ကတိမတည်ဘူးမေမေ။ သူသမီးအနားကနေပြီး ဘယ်မှထွက်မသွားဘူးတဲ့၊ အသက်ကြီးတဲ့အထိအတူတူနေမယ်တဲ့။ သားကိုလည်း ရှင်ပြုပေးရအုံးမယ်။ သူလုပ်စရာတွေအများကြီးကျန်သေးတယ်။ သူမသေသေးဘူးမို့လားမေမေ ပြောပါမေရဲ့ သမီးကိုပြောပါ။”ဆရာဝန်များက မောင်ဦးနှောက်သေသွားပြီဟု ပြောသောအချိန်၌ ကျွန်မအမေ့ကို တီးတိုးပြောသော စကားဖြစ်သည်။
“သမီးငိုချင်ငိုချလိုက်လေ အောင့်မထားနဲ့လေ။ သေတဲ့လူကသေပြီပဲ။”
“ဟင့်အင်းမဟုတ်ပါဘူး မောင်မသေသေးဘူး။ မောင်အသက်ရှိသေးတယ်။ မောင့်နှလုံးခုန်သံ သမီးကြားသေးတယ်။ သူမသေသေးဘူး။ ဆရာဝန်တွေအပြောမှားတာမို့လား။ သူတို့လူနာမှားပြီးပြောတာပါ။ မောင့်အသက်ရူသံတောင် သမီးကြားနေရသေးတာကြီးကို”
မေမေသည် ပူဆွေးနေသောကျွန်မအား ပွေ့ဖက်၍ နှစ်သိမ့်ပေးရှာသည်။ မေမေသည် မောင့်အားမနှစ်သက်ခဲ့ပါ။ မောင်နှင့်လက်ထက်မည် ပြောတုန်းက အပြင်းအထန် ကန့်ကွက်ခဲ့သူမှာ မေမေဖြစ်သည်။
“နေပါအုံး သူကဘာအလုပ်လုပ်နေတာလဲ” မေမေက အသံမာမာနှင့် ခေတ်အားမေးသည်။
“သူ့အိမ်ကတော့ ၀န်ထမ်းလုပ်ခိုင်းတာ သူ ကတော့ အလုပ်ကထွက်ပြီး အပြင်စီးပွားရေးလုပ်နေတယ်မေ” ခေတ်မပြောရဲပါ မောင်အလုပ်ကထွက်လို့ မောင့်မိဘများက အမွေစွန့်လွှတ်ထားကြောင်း မပြောရဲပါ။ ဒါပေမယ့်လည်းတနေ့နေ့တွင်သိမည့် အမှန်တရား…..
“ဘယ်မှာလည်း ညည်းအကောင်က မိဘဖြစ်သူကတောင် မိုက်လွန်းလို့ စွန့်လွှတ်ထားတာကို ညည်းနဲ့အေ မြွေပွေးခါးပတ်ပတ်ချင်နေသေးတယ်။”ဒီစကားသည် ခေတ်ခိုးရာလိုက်ပြေးမည့်ည တွင် မေမေပြောခဲ့သောစကားဖြစ်သည်။
ခေတ် မိဘစကားအားလွန်ဆန်၍ မောင့်နောက်လိုက်ခဲ့သည်။ မိဘများသဘောတူ၍ လက်ထက်ခဲ့သော လက်ထက်ပွဲမဟုတ်သဖြင့် မစည်ကားခဲ့ပါ။ တရားရုံးမှာတင် အသိသက်သေနှင့် လက်မှတ်ရေးထိုးခဲ့ရသည်။ ခေတ်ငယ်စဉ်က မက်ခဲ့ဖူးသော ဂါဝန်အဖြူကြီးလည်း ကြက်ပျောက်ငှက်ပျောက်။
အခန်း(၃)
“မောင် ခေတ်တို့ ဒီငွေကိုပဲ သုံးရအောင်ပါနော်” မေမေပေးထားသော စိန်နားကပ်အားပေါင်နှံ၍ မောင့်လုပ်နေသော လက်ဖက်ခြောက်လုပ်ငန်းတိုးချဲ့ဖို့အတွက် ပေးလိုက်မိသည်။ မိဘအမွေဖြစ်၍ စိတ်မကောင်းသော်လည်း နောက်ပြန်ရွေးမယ်ဟု အားတင်းပြီး ပေါင်လိုက်ရသည်။ မေမေသိရင်ဘာပြောမလဲ မသိ။ သေချာသည်မှာ ခေတ်တို့လောက် မချမ်းသာသော မောင်တို့မိသားစုအသိုင်းအ၀ိုင်းထဲ ဆွဲခေါ်သွားသောမောင့်အား နာကြည်းနေလိမ့်မည်။
“မိဘအမွေ ပစ္စည်းဆိုတာ မပျောက်ပျက်ကောင်းဘူး ခေတ်ရဲ့”မောင်က သက်ပြင်းရှည်ကြီးချပြီးပြောသည်။
“မောင်ကလည်း ဒါခဏ သိမ်းထားတဲ့သဘောပါမောင်ရဲ့၊ ခေတ်ဆီမှာထားရင် ပျောက်ချင်ပျောက်မှာ။ ပြီးတော့ ခေတ်ကမောင့်နောက်လိုက်နေမှာဆိုတော့ ပစ္စည်းဆိုတာ လမ်းမှာဆို အန္တရာယ်ကများတယ်” ခေတ်စကားကိုမောင်လွန်ဆန်၍မရတော့သည့်အဆုံး မောင်ခေါင်းညိတ်လိုက်ရသည်၊၊
ခေတ်နှင့်မောင် အတူတူ ရှမ်းပြည်သွား၍ လက်ဖက်ခြောက်ဒိုင်တွေဆီမှာ လိုက်၍ လက်ဖက်ခြောက်ဝယ်ကာ ရန်ကုန်သို့ပို့သည်။ ကျောင်းနေဖက် သူငယ်ချင်းဆီမှလည်း လက်ဖက်ခြောက် အကြွေးနှင့် ယူလို့ရသေးသည်။ ပြီးတော့ လမ်းသွားရင်းခင်ခဲ့သော ဦးလေးကြီး၁ယောက်ဆီမှလည်း ပိုက်ဆံအကူအညီရခဲ့သည်။
“မင်းတို့လင်မယားနှစ်ယောက်ကို ဦးကသဘောကျတယ်ကွ။ အလုပ်လုပ်ချင်စိတ်လည်း ရှိတယ်။ ကြိုးလည်းကြိုးစားကြလို့ ဦးက ကူညီတာကွ။ ဒါပေမယ့် အလကားတော့မရဘူး။ မင်းတို့ဦးကို အတိုးတော့ ပြန်ပေးကွ ဒါမှအလုပ်သဘောဆန်မှာ” ထိုဦးလေးကြီးက သူ့အကျင့်အတိုင်း မျက်မှောင်ကြီးကုပ်ပြီး ပြောသည်။
ထိုစကားကြားတော့ ခေတ်အရမ်းပျော်သွားသည်။ ခေတ်တို့မိဘတွေ စကားနားမထောင်ဘဲ ဇွတ်လုပ်ခဲ့ကြသော်လည်း ကျေးဇူးမမေ့ခဲ့သော်ကြောင့်ပင်ဖြစ်လိမ့်မည်ဟု တွေးခဲ့သော်လည်း နောက်ပိုင်း သားနီတာမွေးပြီးချိန်တွင် ထိုဦးလေး၏ ပြန်ပြောပြမှုကြောင့် မေမေတို့က အရင်းအနှီးလုပ်ရန် ငွေကို တဖက်လှည့်နှင့်ပေးခဲ့ကြောင်းသိခဲ့ရသည်။ ခေတ်မေမေတို့အပေါ် ပြစ်မှားမိတာရှိခဲ့ပါက ခွင့်လွှတ်ပေးပါမေမေ။
အခန်း(၄)
“မောင် ခေတ်တို့ဆီ လူတစ်ယောက်က လာချင်လို့တဲ့ ခွင့်တောင်းနေတယ်။ ဘယ်လိုလုပ်မလဲ။” ခေတ်ထိုနေ့က သနပ်ခါးရေကျဲလေးကို ပါးမှာလိမ်းကာ မောင်အားမေးခဲ့သည်။မောင်က အစကတော့ သဘောမပေါက်။ နောက်မှ ခေတ်အား အသာအယာ ခေါင်းကိုလက်ဖြင့်ထုကာ လူရှုပ်မလေးဟု ပြောခဲ့သည်။
“မောင် သားလေးလိုချင်လား၊သမီးလေးလိုချင်လား”ဟုမေးတော့ မောင်နဲ့တူတဲ့ သားလေးပဲမွေးပေးပါတဲ့လေ။ ခေတ်ကသမီးလိုချင်တယ် ဒါမှအကူရမှာဆိုတော့ မောင်က သမီးဆိုရင် ခေတ်နဲ့တူပြီး ခိုးရာလိုက်ပြေးရင် ဘယ်လိုလုပ်မလဲတဲ့လေ။ ကြည့်ပါလား ပြောပုံကိုက။ အဲဒီနေ့က မောင်ကို ခေတ်စကားမပြောတော့ပါ။ နောက်တော့မောင်ကလာချော့ပါတယ်။
“သမီးဖြစ်ဖြစ်၊သားဖြစ်ဖြစ် မောင်ကချစ်မှာပါ။ ကိုယ့်သားသမီးကို မချစ်တဲ့မိဘဘယ်မှာရှိလို့လဲ။ ပြီးတော့ခေတ်နဲ့တူလို့ခိုးရာလိုက်ပြေးမယ်ဆိုလည်း မောင်လိုလူမျိုးနဲ့လိုက်ပြေးရင်တော့ စိတ်ချပါတယ်” လို့ပြောတော့ ခေတ်ကဘယ်နေနိုင်ပါတော့မလဲ ရယ်လိုက်မိရော။ မောင့်ဆန္ဒပြည့်ခဲ့ပါတယ်။ သားလေးနီတာကို ခေတ်မွေးခဲ့သည်။ မွေးခန်းထဲကထွက်လာတော့ စိုးရိမ်စိတ်တွေနဲ့ မေမေ…………..
အခန်း(၅)
ရေမွှာပေါက်သွားကာ သွေးတွေနှင့်လဲနေသော ကျွန်မအားဆေးရုံအရောက်တွင် မေမေသည် ရေချိုးနေစဉ် မောင့်ထံမှ ဖုန်းရသောကြောင့် ခေါင်းတောင်ခြောက်အောင် မသုတ်နိုင်ပဲပြေးလာခဲ့သည်ဟု မောင်ပြော၍ သိခဲ့ရသည်။ ထိုအချိန်မှစ၍ မေမေနှင့်ကျွန်မတို့ ပြန်၍ ပြေလည်ခဲ့ကြသည်။ နောက်ပိုင်းမေမေသည် မောင်နှင့် ပတ်သက်ပြီးဘာမှမပြောတော။သူ့သမက်အား စိတ်ချသွား၍လည်း ပါမယ်။
သားလေးမွေးပြီးနောက် ကျွန်မတို့စီးပွားရေးလည်းပြေလည်ခဲ့သည်။ ယူထားသောအကြွေးများလည်း ပြန်၍ ဆပ်နိုင်ခဲ့သည်။ ပေါင်ထားသောနားကပ်လေးအားလည်း ပြန်ရွေးခဲ့သည်။ အပိုစုဆောင်းမိ၍ မောင်က ကျွန်မ ၂၄နှစ်မြောက်တွင် သားနှင့်မောင့်နာမည်ထိုးထားသော ဆွဲကြိုးတစ်ကုန်းအား လက်ဆောင် ပေးခဲ့ဖူးသည်။
မောင့်နောက်တကောက်ကောက်လိုက်နေသောကျွန်မ သားမွေးပြီးသည်နှင့် ကျွန်မမောင့်နောက်လိုက်ခွင့်မရတော့။
“ခေတ်လိုက်ချင်လိုက်တာမောင်ရယ်”လို့ပြောတော့ မောင်က “သားကငယ်သေးတယ်လေ ခေတ်ရဲ့ မောင်လည်းခေါ်ချင်တာပေါ့”
“ဒါဆိုလည်းခေတ်တို့ သားကိုပါခေါ်မည်လေ မောင်ရဲ့”
“ခေတ် ဒါဟာ စ စရာမဟုတ်ဘူးနော်။ လမ်းခရီးအဲလောက်ကြမ်းတာကို ခေတ်က ဘာလို့သားကိုပါခေါ်ချင်နေရတာလဲ” မောင်ကိုမောင်လည်းသိလိမ့်မည် မောင်တစ်ခါမှ ခေတ်ကိုအသံမာမာနှင့်မပြောဘူးမှန်း “သားကငယ်သေးလို့ပါကွာ ခေတ်ကလည်း ပြီးတော့သားကမောင့်ကိုယ်ပွား သားကိုဘယ်နည်းနဲ့မှ အဆုံးအရှုံးမခံနိုင်လို့ပါကွာနော်” ဒီလိုပြောတော့ ခေတ်ကပဲ လူဆိုးမကြီးကျနေတာပဲ။ ဟွန်း………….. တတ်လည်းတတ်နိုင်တယ်။
အခန်း(၆)
“ကုန်တွေ အ၀င်နောက်ကျ ကျနေတာမောင်တော့ သိပ်သဘောမကျဘူးကွာ” မောင်နှင့်စကားပြောခဲ့သော အဲဒီညသည်နောက်ဆုံးမှန်းသိရင် ခေတ်မောင့်ကို ဒီခရီးသွားဖို့ အပြင်းအထန်ကန့်ကွက်မိလိမ့်မယ်ထင်သည်။ “မောင်မနက်ဖြန် ရှမ်းပြည်သွားမယ် ခေတ်” မောင်သွားမည်ဆိုသောကြောင့် ခေတ်ထိုညကြီး မောင့်အတွက် ပြင်ဆင်စရာရှိတာများပြင်ပေးရသည်။
ခေတ်သိသည်။ အဲဒီနေ့က ခေတ်နေလို့မကောင်းခဲ့။စိတ်ထဲမှာ တမျိုးကြီး။ မနက်က သောက်တော်ရေလဲတော့ သောက်တော်ေ၇ခွက် ကျကွဲသည်။ နမော်နမဲ့နိုင်သော မိမိကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည်။ နေ့လည်ခင်းကျတော့ မောင့်ဆီကဖုန်းမျှော်နေမိသည်။ ဘယ်နေရာရောက်ရောက် ဖုန်းဆက်လေ့ရှိသောမောင် အခုအချိန်ထိဖုန်းမဆက်သေး၍ စိတ်ပူမိ၍ မေမေအိမ်သို့ သွား၍ နေမိသည်။ ညနေအထိဖုန်းမလာသေး။ မောင်ဆိုရင် အိမ်ဖုန်းဆက်လို့ ခေတ်မရှိရင် မေမေ့ဆီဆက်မှာသေချာတယ်။ ဘုရား ဘုရား မောင်ဘာမှမဖြစ်ပါစေနဲ့...
“ဟုတ်ကဲ့ မ ခေတ်နွေပါလားခင်ဗျား။ ဒီမှာ ကိုသက်ငြိမ် ကား accident ဖြစ်လို့ အဲဒါ ဆေးရုံတင်ထားရပါတယ်ခင်ဗျား”
ကျွန်မ မောင်ရှိရာ မန္တလေးဆေးရုံကြီးသို့ ရရာကားနှင့်လိုက်ခဲ့သည်။ မောင်သည် ကျွန်မရောက်လာသည်အထိ ပြန်မလည်သေး။ တကယ်ဆို မောင်သတိရဖို့ကောင်းပြီ။ မေမေနှင့်သားလည်း နောက်နေ့တွင် လိုက်လာကြသည်။ ခေတ်ရောသားရော မောင့်ဘေးမှာရောက်နေပြီလေ။ မောင်သတိရပါတော့……………………
ကျွန်မဆုတောင်းမပြည့်ခဲ့ပါ။ ဆေးရုံတင်ပြီး ၁ပတ်ပြည့်တွင် ဆရာဝန်များက ဦးနှောက်သေပြီဟု သတ်မှတ်လိုက်ကြသည်။ ကျွန်မနှင့်သားလေးအား သူစိတ်ချလက်ချထားကာ သွားလေပြီ။ ကျွန်မ ကံကိုပဲ အပြစ်တင်ရမှာလား။ ဘာကိုအပြစ်တင်ရမှန်း ကျွန်မမသိတော့။ ငိုထားလွန်း၍ မျက်စိများအစ်ထနေပြီ။
“သမီးသတိထားအုံးလေ။ သမီး …သမီး” မောင့်မြေချအပြီး ကျွန်မကြားလိုက်သော မေမေ့၏အသံ ထိုနောက် ကျွန်မကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်သွားသည်……………………..
အမှောင်ထုထဲ ကျွန်မလမ်းလျှောက်နေသည်။ မဆုံးနိုင်တဲ့ခရီး ကျွန်မကိုယ်တိုင် ဘယ်ရောက်နေမှန်းမသိတော့ ရေလည်းဆာလှပြီ “ဒါဘယ်နေရာပါလိမ့် မောင်ရော ဘယ်မှာပါလိမ့်။ တွေ့ပြီ ဒါမောင်ဟုတ်ပါတယ် မှတ်မိတာပေါ့ ခေတ်ကောင်းကောင်းမှတ်မိတယ် မောင်မှမောင်အစစ်။ မောင်ကရော ဘယ်သွားနေတာလဲ နောက်မှာခေတ်ပါတယ်လေမောင်ရဲ့ စောင့်ပါအုံးခေတ်ကို။ ဟုတ်ပါရဲ့ ငါကလည်းမေ့နေလိုက်တာ အော်ခေါ်လိုက်ရင်ရတာပဲ” ခေတ်တစ်ဦးတည်း ရေရွတ်ကာ မောင်ဟုအော်ခေါ်လိုက်သည်။ မောင်လှည့်ကြည့်တယ် ဒါပေမယ့် မောင့်အကြည့်တွေက စိမ်းလိုက်တာ။ မောင်ကမေးတယ် သားရောတဲ့။ ဟုတ်ပါရဲ့ သားရော ဘယ်မှာလဲ။ နောက်တော့မောင်ကပြောတယ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သားကိုစောင့်ရှောက်ပါတဲ့လေ။ ခေတ်ဘာမှမပြောနိုင်တော့ ခေါင်းငိုက်စိုက်ကာ သားကိုငါမစောင့်ရှောက်နိုင်လို့ မောင်ငါ့ကိုမုန်းသွားပြီးလားဟု တွေးနေတုန်း မောင်ပျောက်သွားတယ်။ ခေတ်အကျယ်ကြီး အော်လိုက်တယ် “မောင်……………….”
”သမီး…. သမီးသတိရလာပြီလား” မေမေ၏ ဂရုဏာအသံစွက်နေတဲ့ မျက်နှာ၊ သားလေး၏ အပြစ်ကင်းသော မျက်နှာ၊ မောင်၏ နောက်ဆုံးစကား ”ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သားကိုစောင့်ရှောက်ပါ” ခေတ်ခေါင်းထဲနောက်နေသောကြောင့် အသာမျက်စိပိတ်လိုက်ကာ စဉ်းစားလိုက်သည်။ ထို့နောက် ခေတ်မျက်စိပြန်ဖွင့်လိုက်သည် တိုးညှင်းစွာဖြစ် လက်ထဲမုန့်ကိုင်ထားသောသားအား ”မေမေ ဗိုက်ဆာလိုက်တာ သားရယ်” လို့ပြောလိုက်တော့ ကျွန်မ၏တည်ငြိမ်သွားသောစိတ်အား အသိအမှတ်ပြုသော အားလုံး၏ သက်ပြင်းချသံ၊ ဟိုးအဝေးတစ်နေရာက ကြည့်နေမယ့်မျက်ဝန်းတစ်စုံ။မှတ်မှတ်ရရ အဲဒီနေ့က မိုးမရွာခဲ့ပါ။

ပထမခြေလှမ်း

ဘလော့ကို စိတ်ဝင်စားတာကြာပြီဖြစ်သော်လည်း တစ်ခါမှ လက်တွေ့အကောင်အထည်မဖော်နိုင်သေးပါ။ စင်င်္ကာပူ ရောက်ခါစတွင် ဘလော့အကောင့်တစ်ခုကိုဖွင့်မည်ဟုစဉ်းစားကာ (freeဆိုလို့လေ) စမ်းကြည့်မိသော်လည်း ပထမအဆင့်မှာတင် englishစာသေးသေးလေးများမြင်ကာ လန့်ဖြန့်ပြီး လက်လျော့လိုက်၍ မအောင်မြင်ခဲ့ပေ။ နောက်တော့ အမအသိတစ်ယောက်၏ မိတ်ဆွေ ဘလော့ဂါတစ်ဦးနှင့်သိကျွမ်းကာ သူ့ဘလော့ကိုဝင်လည်လည်ရင်းကနေ တစ်ခြားဘလော့များသို့ ရောက်ရှိသွားကာ သူတို့၏ အမြင်၊ အယူအဆ၊ အနုပညာဖလှယ်မှုများကို လေ့လာရင်းကနေပြီး အားမရတော့လို့ ကိုယ်တိုင်ဘလော့ဝင်ရေးတယ်ဆိုပါတော့။ ငါဘလော့ရေးတော့မယ်သိလား ငါဘလော့ရေးတော့မယ်သိလားဟု သူငယ်ချင်းတွေကြားမှာ ဟစ်ကြွေးနေတာ ကြာပြီဖြစ်သော်လည်း လက်တွေ့မှာ အကောင်အထည်မပေါ်သေး၍ သူတို့လည်းအခုဆို မေ့နေလောက်ပြီထင်ပါတယ်။ သူတို့ကတော့ပြောပါတယ်။ ရေးပါတဲ့ သူတို့ commentလာပေးပါ့မယ်တဲ့လေ။ ဟုတ်တော့လည်းဟုတ်သား ဘလော့လောကမှာ ရပ်တည်ဖို့ဆိုတာ ကိုယ့်အတွက်အားဆေးဖြစ်တဲ့ feedback တော့လိုသား။ ကိုယ့်ဘ၀အတွက် မှတ်တိုင်တစ်ခုဖြစ်တဲ့ ဒီဘလော့ကိုရေးမယ်ဟု စိတ်ကူးလိုက်တာနဲ့ အဲဒီညမှာအိပ်မပျော်တော့ပါ။ ရောက်တတ်ရာရာတွေးရင်းကနေ ဇာတ်လမ်းတစ်ပုဒ်ခေါင်းထဲဝင်လာ၍ နောက်တနေ့ည၌ စာစရေးပါတော့သည်။ (အဟမ်း အဟမ်း..............) စိတ်ထဲ၌လည်း ငါဒီနေ့ မပြီးရင် မအိပ်ဘူးဟုဆုံးဖြတ်ပြီး ရေးခဲ့ရာ ရေးရင်းရေးရင်းနှင့် ၁၁နာရီခွဲနေပြီကိုပင် သတိမထားမိတော့....(ဇာတ်ရှိန်တက်လာတာ ဇာတ်ရှိန်တက်လာတာ) ကွန်ပြူတာကနာရီကို ကြည့်မိတော့မှ ၁၁ခွဲပြီဆိုတာ မြင်တော့မှ အူယားဖားယား အသည်းအသန် ဘုရားရှစ်ခိုးရပါတော့သည်။ ဘုရားရှစ်ခိုးပြီးပြန်လာတော့ ရေးထားတဲ့စာကို ကြည့်တော့လည်း နဲနဲပဲပြီးသေး၏။ ဘယ်ပြီးပါ့မလဲ မြန်မာစာ typing နှေးရတဲ့ကြားထဲ ပဆင့်တွေမပေါင်းတတ်၍ ဘေးနားကအမကို အကူအညီတောင်းရတာက တစ်ဖုံ၊ gtalkကို ဖွင့်ထားမိ၍ လာရောက်နုတ်ဆက်ကြတဲ့သူငယ်ချင်းတွေက တစ်မျိုး ၊စိတ်ထဲ၌လည်း ဘုရား ဘုရား ငါဒီနေ့တော့အိပ်ရပါ့မလားဟု ရေရွတ်ကာ gtalkမှ သူငယ်ချင်းတိုင်းကို နူတ်ခွန်းဆက်သ နေသောကြောင့်ပင် ဖြစ်သည် ။ မတတ်နိုင်ဘူး ကိုယ့်အပြစ်နဲ့ကိုယ်ပဲဟု အားတင်းကာ ဆက်ရေးမည်ကြံသော်လည်း ဘယ်လိုမှ စိတ်ထည့်လို့မရတော့။ဒီလောက်တောင်ဖြစ်လှတာဆိုပြီး ဇာတ်လမ်းကို အစကနေပြန်ဖတ်ပြီးရေးတော့မှ ဆက်ရေးလို့ရတော့သည်။ ရေးရင်းပြန်ပြင်ရင်းကနေပြီး အားလုံးအချောပြီးတော့ အချိန်က ည၂နာရီထိုးနေပြီ။ ကိုယ့်ပုခုံးကို ကိုယ်ပုတ်ပြီး ငါတယ်တော်ပါလားဟု အားပေးရင်း အိပ်ယာထဲဝင်ခဲ့သည်။ မနက်ရောက်တော့ ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးအား အမအားပေးဖတ်ခဲ့သည်။ ဟီး သူဖတ်နေတုန်းတော့လည်း ရှက်သား ဘာလို့လဲတော့မသိဘူး။ အင်းပေါ့လေ ကိုယ်အကြောင်းမဟုတ်တဲ့ သရုပ်ဖော်စာတစ်ပုဒ်ဖြစ်နေတာကိးု။ အမ၏အားပေးမှုကြောင့် အားတက်သွားကာ မလုပ်ဖြစ်ခဲ့တဲ့ ဘလော့အဟောင်းလေးကို ပြန်လည်ပြုပြင်ရင်း စတင်မွေးဖွားလာတယ်ဆိုပါတော့။ ကဲအားလုံးပြီးသွားတော့မှ သတိရတယ် ဘယ်မှာလဲ စီဘောက်။ သူများတွေလုပ်သလို စီဘောက်။ ငါ့ဘလော့မှာ စာ၂ပုဒ်ပဲရှိသေးတော့ ဘလော့ကြီးက ပြောင်ကြီးဖြစ်နေပါရောလား။ ဟိုက် အဲဒါမှသေရော။ အသိအကိုကြီး ဘလော့ဂါ ဒီနေ့လာပါစေအုံးဟု ဆုတောင်းမိလိုက်တယ်။ ဒါမှငါ့ဘလော့ စီဘောက်နဲ့ စိုပြေသွားမှာမဟုတ်ပါလား.............