Tuesday, June 30, 2009

ပထမခြေလှမ်း

ဘလော့ကို စိတ်ဝင်စားတာကြာပြီဖြစ်သော်လည်း တစ်ခါမှ လက်တွေ့အကောင်အထည်မဖော်နိုင်သေးပါ။ စင်င်္ကာပူ ရောက်ခါစတွင် ဘလော့အကောင့်တစ်ခုကိုဖွင့်မည်ဟုစဉ်းစားကာ (freeဆိုလို့လေ) စမ်းကြည့်မိသော်လည်း ပထမအဆင့်မှာတင် englishစာသေးသေးလေးများမြင်ကာ လန့်ဖြန့်ပြီး လက်လျော့လိုက်၍ မအောင်မြင်ခဲ့ပေ။ နောက်တော့ အမအသိတစ်ယောက်၏ မိတ်ဆွေ ဘလော့ဂါတစ်ဦးနှင့်သိကျွမ်းကာ သူ့ဘလော့ကိုဝင်လည်လည်ရင်းကနေ တစ်ခြားဘလော့များသို့ ရောက်ရှိသွားကာ သူတို့၏ အမြင်၊ အယူအဆ၊ အနုပညာဖလှယ်မှုများကို လေ့လာရင်းကနေပြီး အားမရတော့လို့ ကိုယ်တိုင်ဘလော့ဝင်ရေးတယ်ဆိုပါတော့။ ငါဘလော့ရေးတော့မယ်သိလား ငါဘလော့ရေးတော့မယ်သိလားဟု သူငယ်ချင်းတွေကြားမှာ ဟစ်ကြွေးနေတာ ကြာပြီဖြစ်သော်လည်း လက်တွေ့မှာ အကောင်အထည်မပေါ်သေး၍ သူတို့လည်းအခုဆို မေ့နေလောက်ပြီထင်ပါတယ်။ သူတို့ကတော့ပြောပါတယ်။ ရေးပါတဲ့ သူတို့ commentလာပေးပါ့မယ်တဲ့လေ။ ဟုတ်တော့လည်းဟုတ်သား ဘလော့လောကမှာ ရပ်တည်ဖို့ဆိုတာ ကိုယ့်အတွက်အားဆေးဖြစ်တဲ့ feedback တော့လိုသား။ ကိုယ့်ဘ၀အတွက် မှတ်တိုင်တစ်ခုဖြစ်တဲ့ ဒီဘလော့ကိုရေးမယ်ဟု စိတ်ကူးလိုက်တာနဲ့ အဲဒီညမှာအိပ်မပျော်တော့ပါ။ ရောက်တတ်ရာရာတွေးရင်းကနေ ဇာတ်လမ်းတစ်ပုဒ်ခေါင်းထဲဝင်လာ၍ နောက်တနေ့ည၌ စာစရေးပါတော့သည်။ (အဟမ်း အဟမ်း..............) စိတ်ထဲ၌လည်း ငါဒီနေ့ မပြီးရင် မအိပ်ဘူးဟုဆုံးဖြတ်ပြီး ရေးခဲ့ရာ ရေးရင်းရေးရင်းနှင့် ၁၁နာရီခွဲနေပြီကိုပင် သတိမထားမိတော့....(ဇာတ်ရှိန်တက်လာတာ ဇာတ်ရှိန်တက်လာတာ) ကွန်ပြူတာကနာရီကို ကြည့်မိတော့မှ ၁၁ခွဲပြီဆိုတာ မြင်တော့မှ အူယားဖားယား အသည်းအသန် ဘုရားရှစ်ခိုးရပါတော့သည်။ ဘုရားရှစ်ခိုးပြီးပြန်လာတော့ ရေးထားတဲ့စာကို ကြည့်တော့လည်း နဲနဲပဲပြီးသေး၏။ ဘယ်ပြီးပါ့မလဲ မြန်မာစာ typing နှေးရတဲ့ကြားထဲ ပဆင့်တွေမပေါင်းတတ်၍ ဘေးနားကအမကို အကူအညီတောင်းရတာက တစ်ဖုံ၊ gtalkကို ဖွင့်ထားမိ၍ လာရောက်နုတ်ဆက်ကြတဲ့သူငယ်ချင်းတွေက တစ်မျိုး ၊စိတ်ထဲ၌လည်း ဘုရား ဘုရား ငါဒီနေ့တော့အိပ်ရပါ့မလားဟု ရေရွတ်ကာ gtalkမှ သူငယ်ချင်းတိုင်းကို နူတ်ခွန်းဆက်သ နေသောကြောင့်ပင် ဖြစ်သည် ။ မတတ်နိုင်ဘူး ကိုယ့်အပြစ်နဲ့ကိုယ်ပဲဟု အားတင်းကာ ဆက်ရေးမည်ကြံသော်လည်း ဘယ်လိုမှ စိတ်ထည့်လို့မရတော့။ဒီလောက်တောင်ဖြစ်လှတာဆိုပြီး ဇာတ်လမ်းကို အစကနေပြန်ဖတ်ပြီးရေးတော့မှ ဆက်ရေးလို့ရတော့သည်။ ရေးရင်းပြန်ပြင်ရင်းကနေပြီး အားလုံးအချောပြီးတော့ အချိန်က ည၂နာရီထိုးနေပြီ။ ကိုယ့်ပုခုံးကို ကိုယ်ပုတ်ပြီး ငါတယ်တော်ပါလားဟု အားပေးရင်း အိပ်ယာထဲဝင်ခဲ့သည်။ မနက်ရောက်တော့ ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးအား အမအားပေးဖတ်ခဲ့သည်။ ဟီး သူဖတ်နေတုန်းတော့လည်း ရှက်သား ဘာလို့လဲတော့မသိဘူး။ အင်းပေါ့လေ ကိုယ်အကြောင်းမဟုတ်တဲ့ သရုပ်ဖော်စာတစ်ပုဒ်ဖြစ်နေတာကိးု။ အမ၏အားပေးမှုကြောင့် အားတက်သွားကာ မလုပ်ဖြစ်ခဲ့တဲ့ ဘလော့အဟောင်းလေးကို ပြန်လည်ပြုပြင်ရင်း စတင်မွေးဖွားလာတယ်ဆိုပါတော့။ ကဲအားလုံးပြီးသွားတော့မှ သတိရတယ် ဘယ်မှာလဲ စီဘောက်။ သူများတွေလုပ်သလို စီဘောက်။ ငါ့ဘလော့မှာ စာ၂ပုဒ်ပဲရှိသေးတော့ ဘလော့ကြီးက ပြောင်ကြီးဖြစ်နေပါရောလား။ ဟိုက် အဲဒါမှသေရော။ အသိအကိုကြီး ဘလော့ဂါ ဒီနေ့လာပါစေအုံးဟု ဆုတောင်းမိလိုက်တယ်။ ဒါမှငါ့ဘလော့ စီဘောက်နဲ့ စိုပြေသွားမှာမဟုတ်ပါလား.............

2 comments:

မောင်ဖားကြီး said...

ပထမဆုံး ခြေလှမ်းကနေပဲ စရတာကိုး ပိုးဟပ်ရေ... ဘလော့ လောကကြီးကနေ ကြိုဆိုပါတယ်ဗျို့

Talkii said...

ဘလော့ဂ်ရေးရင်/ဖတ်ရင် နာရီမကြည့်ရဘူး။ ကြည့်လိုက်ရင် ၁၂က အသာလေးပဲ။ :D