Monday, August 3, 2009

ကျွန်မကြည့်ရင်းကြည့်ရင်းနှင့် စိတ်ထဲမှာ တမျိုးခံစားရလာတယ်။ သူ …သူ … ခုန်ချတော့မလို့လား။ မဖြစ်ဘူး သူခုန်ချလို့မဖြစ်ဘူး။ သူဘ၀ကို ဒီလိုပဲအရှူံးပေးတော့မလို့လား။ ကျွန်မမှာတာဝန်အပြည့်ရှိတယ်။ ကျွန်မသူ့ကိုစောက်ရှောက်ဖို့ ဒီကိုရောက်လာတာဖြစ်ရမယ်။ကျွန်မသူ့ကိုပြန်လာဖို့ အော်ပြောလိုက်တယ်။ သူနားမထောင်ပါ။ တရွေ့ရွေ့ဆက်သွားနေသည်။ တစ်နေရာအရောက် သူရပ်ပြီး အောက်ကိုငုံ့ကြည့်နေပြန်တယ်။ ကျွန်မလည်း လိုက်တက်ဖို့ကြိုးစားလိုက်သည်။ကျွန်မ ထုတ်တန်းပေါ်ရောက်သည်အထိ သူဒီတိုင်းပဲ ရှိနေပါစေ။ ကျွန်မ တဖြည်းဖြည်း အပေါ်တက်သွားသည်။ တဖြည်းဖြည်းမြင့်တက်လာတဲ့ အမြင့်ကြောင့် ကျွန်မမိုက်ခနဲ မူးသွားသည်။ မျက်စိအမြန်မှိတ်ပြီး နီးစပ်ရာ တိုင်တစ်တိုင်ကို ကိုင်လိုက်သည်။ သူကတော့ ရပ်မြဲရပ်နေတုန်းပဲ။ ကျွန်မအတွေးတစ်ချက်ပေါ်လာသည်။ ကြည့်ရတာ သူသေမှာကို ကြောက်နေလို့ ခုန်မချတာဖြစ်မယ်။ အင်းပေါ့လေ ကလေးပဲ ပေါက်ကရသာတွေးရုံတွေးတာ တကယ်တော့လည်း ဘယ်လုပ်ရဲပါ့မလဲနော်။ အမြင့်အဟုန်ကြောင့် ဒူးခေါင်းချောင်နေတဲ့ ကျွန်မ သူ့အားသွားရောက်၍ ဆွဲယူနိုင်အားလည်းမရှိပါ။ တော်သေးသည် သူ့၏ မလုပ်ရဲတဲ့စိတ်ကိုပဲ ကျေးဇူးတင်ရမယ်။ ကျွန်မရပ်မြဲနေရာမှာပဲ သူ့ကို ကြည့်နေလိုက်မိတယ်။ ထို့နောက်သူက ကျွန်မဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်တယ်။ သူကပြောတယ် သူတို့သူ့ဦးလေးအိမ်ဖြစ်တဲ့ ယခုအိမ်လေးကိုဆောက်တုန်းက လူတစ်ယောက် ထုတ်တန်းပေါ်ကပြုတ်ကျပြီးသေဖူးတယ်တဲ့။ သူ့ဘာသူ အရက်မူးပြီး ပြုတ်ကျသေတာတဲ့။ သူကဆက်ပြောသေးတယ်။ လူတွေသေသွားပြီးရင် ဘယ်ကိုသွားကြသလဲတဲ့။ ကျွန်မ မဖြေနိုင်ပါ။ ဟော ……ပြောရင်းနဲ့ သေခြင်းတရားတွေပါလာပြီ။ မဖြစ်ပါ ဘယ်လိုမှ မဖြစ်ပါ။ ကျွန်မ အားယူပြီးထကြည့်လိုက်သည်။ ကျွန်မဘယ်လိုဖြစ်ပြီး ဒီလောက်အမြင့်လေးကို ကြောက်နေရတာပါလိမ့်။ ၁၀နှစ်အရွယ်ကလေးတစ်ယောက်တောင် မကြောက်တဲ့ ထိုအမြင့်ကို ကျွန်မကြောက်နေတာ အံ့သြစရာပဲ။ ကျွန်မထိုကလေးမလေးအားပြောလိုက်သည်။ သမီးမလုပ်နဲ့နော် စိတ်လိုက်မာန်ပါမလုပ်ပါနဲ့နော်။ အမတောင်းပန်ပါတယ်။ ဒီကိစ္စက အခုလိုဖြေရှင်းယုံနဲ့ပြီးမှာမှမဟုတ်တာ။ သူကျွန်မကို ဘာမှမပြောပဲငေးကြည့်နေသည်။ အဲဒါမှ ဒုက္ခ။ ကျွန်မစကားများမှားသွားပြီလားမသိ။ သူကြည့်မြဲကြည့်နေပြန်သည်။ ထို့နောက် သူက အမ ညီမလေး ဘယ်တော့မှ ခုန်မချပါဘူးတဲ့။ အခုမှ ကျွန်မသက်ပြင်းချနိုင်တော့သည်။ သူက လူကြီးလေးတစ်ယောက်ပမာ ဆက်ပြောတယ်။ သူသေရမှာကြောက်လို့မဟုတ်ဘူးတဲ့။ သူသေဖို့လည်း အကြိမ်ကြိမ်စဉ်းစားဖူးတယ်တဲ့။ သူ့အစ်မ မကေ ကိုတောင် အဲဒီအကြောင်းတွေ ပြောပြလိုက်သေးတယ်တဲ့။ အကြိမ်ကြိမ်စဉ်းစားလိုက်တိုင်း ပေါ်လာတဲ့ အတွေးတစ်ခု ရှိတယ်တဲ့။လူတွေသေရင် သေသွားတဲ့သူအတွက်ကတော့ အေးချမ်းသွားပေမယ့် အသက်ရှင်ကျန်ခဲ့တဲ့သူတွေက စိတ်ဆင်းရဲပြီး ကျန်ခဲ့တာတဲ့။ ပြီးတော့ အခုချိန်မှာ သူ့တို့ မိသားစု စားစရာတောင်မရှိသေးတာ သူကပါ အခုချိန် ကိုယ့်ကိုယ်ကိုသတ်သေလိုက်ရင် အသုဘစရိတ်ကို ဘယ်လိုဖြေရှင်းမှာလဲတဲ့။ ကျွန်မရယ်ချင်သွားသည်။ ကျွန်မ မရယ်မိအောင် မနည်းထိန်းရသည်။အော် ကလေးမရယ် တော်တော်လည်းသိတတ်ပါပေတယ်။ ပြောရရင် သူဥာဏ်မှီသလောက် တွေးတတ်တာလေးကိုပဲ ချီးကျူးမိပါတော့သည်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ဒီလိုအတွေးက သူ့ကို ကယ်ခဲ့တာပါပဲ။
နောက်နေ့လဲ ကျွန်မသူ့အနားမှာ ရှိနေပြန်သည်။ ကျွန်မဘယ်ရောက်နေတာလဲ။ ကယ်ပါအုံး။ ကျွန်မ ဘာလို့ဒီနေရာရောက်နေတာလဲ။ ဒါမှမဟုတ် ဒီကလေးမလေးကို စောင့်ရှောက်ဖို့ ကျွန်မကို တကယ်ပဲ ဒီလွှတ်လိုက်တာလား။ ဒါဆို ကျွန်မရဲ့ ဘ၀အမှန်က ဘာလဲ။ ကျွန်မအတွေးတွေကို ထိုကလေးမလေးက ဖြတ်တောက်ပစ်လိုက်ပြန်ပါသည်။ မမ သိလား ဇော်ဝမ်းကို။ ရုပ်ရှင်မင်းသားလေ။ သီချင်းလည်းဆိုတယ်လေ။ အခုသူအိမ်ရှေ့မှာသိလားမ။ ကျွန်မ သူ့မျက်နှာလေးပြုံးနေတာကို ပထမဆုံးမြင်ဖူးလိုက်သည်။ ဒီလိုကျတော့လည်း ကလေးမလေးက ချစ်စရာကောင်းသား။ ဟုတ်လားသမီးရဲ့ ဘာလာလုပ်တာလဲ။ ညီမလေးတို့ ကျောက်စိမ်းကို လာကြည့်တာမရဲ့။ ကျောက်က မိုးကုတ်က ယူလာတုန်းကတော့ သိန်းတစ်ရာလောက်တန်တယ်ပြောတယ်။ အခု ပြန်ရောင်းမယ်လုပ်တော့ အထဲက ကျောက်ရည်တွေ ရှိတော့ဘူးတဲ့။ လိမ်သွားကြတာလေ ညီမလေးတို့ကို။ မေမေတို့ကလည်း မသိတော့ ခံရတာပေါ့။အခု ဇော်ဝမ်းက ပွဲစားလာလုပ်တာ။ အမြန်ရောင်းနိုင်ပါစေလို့ပဲ ဆုတောင်းတယ်မရေ။ တကယ်ပြောတာ။ အဲဒါဆိုရင် နဲနဲတော့ အသက်ရှူချောင်တာပေါ့မရေ။ လာသေးသည်။ သူ့အမေပြောသော လေသံကို ဖမ်း၍ပြောနေပုံကိုက။ မ ညီမလေး လက်မှတ်သွားထိုးခိုင်းရင် ကောင်းမလား။ ကြောက်တော့ကြောက်တယ်။တော်ကြာ သူက မထိုးပေးရင်ဘယ်လိုလုပ်မလဲတဲ့။ အဲဒီတော့ ကျွန်မက သွား သွား ဘာမှမဖြစ်ဘူး ထိုးခိုင်းလိုက် ကျွန်မနှစ်ခွန်းမပြောလိုက်ရပါ။ သူ ဘယ်တုန်းကတည်းက ယူထားလဲမသိတဲ့ စာအုပ်လေးနဲ့ ဘောပင်လေး ကိုင်ပြီး သွားပါလေတော့သည်။ အခုသူပျော်နေပြန်ပြီ။ ဘယ်အချိန်ုပြန်ငိုအုံးမလဲမသိ။
မမ သိလားဒီနေ့ ဖေဖေရောက်မယ်တဲ့။ ဟုတ်လား သမီးလို့ကျွန်မပြောလိုက်ပြီး သူ့မျက်နှာကို အကဲခတ်လိုက်သည်။ သူ့မျက်နှာ ရွှင်ပျမနေပါ။ သူ့စိတ်ထဲသို့ စိတ်ညစ်စရာများဝင်လာပြန်ပြီထင်သည်။ သူသည် တခါတလေ ကျွန်မကိုမေ့နေတတ်သည်။ တခါတလေ ကျွန်မကို ရှာတတ်ပြန်သည်။ ကျွန်မဒီအိမ်ထဲရောက်နေသည်ကို သူမှလွဲ၍ တခြားဘယ်သူမှမသိ။ ကျွန်မပြောထားလို့ သူကလည်း ဘယ်သူ့ကိုမှ မပြော။ အခုလည်း အခန်းထဲလာပြီး တိုးတိုးပြောနေပြန်သည်။ ဖေဖေလေ တိုက်ရင်းမှူးစာမေးပွဲကျတယ်။ မေမေလည်း တော်တော်စိတ်ညစ်နေတယ်။ ဖေဖေမှာ ဘီပိုးရှိလို့တဲ့။ အခုအရပ်ဘက်ပြောင်းရတော့မယ်မတဲ့။ ကောင်းတော့လည်းကောင်းပါတယ်။ ဖေဖေအလုပ်က ဘာပိုက်ဆံမှ မရတာတဲ့လေ။ ဒါပေမယ့် ဖေဖေလာခါကျရင်……………………ဆိုပြီးသူ့အသံတိမ်ဝင်သွားသည်။ ထို့နောက် သူခေါင်းငိုက်စိုက်နှင့် အခန်းအပြင်ပြန်ထွက်သွားပြန်သည်။အင်း ဟုတ်သည် အကယ်၍ သူ့အဖေလာလို့ ဒီအကြောင်းတွေသိခဲ့သော်………………………..။
“ဟီး…………….ဟီး………” ကျွန်မလန့်သွားသည်။ ကျွန်မသိတော့သိလိုက်သည်။သူတို့အိမ်သားထဲက တစ်ယောက်ယောက်ငိုနေတာ။ ကျွန်မ ထိုကလေးမလေး အခန်းထဲဝင်လာမှာကို မျှော်နေမိသည်။ ဒီလိုမှ ကျွန်မ ဇာတ်ကြောင်းအကုန်သိမှာလေ။ “ကလစ်…” ကျွန်မအသံကြားလိုက်သည်။တံခါးဖွင့်သံ။ သူဝင်လာတာဖြစ်မည်။ ကျွန်မ အသာအယာလေး ခေါင်းငဲ့ကြည့်လိုက်တော့ ဟုတ်သည်။ ကျွန်မ အမြန်ထွက်လိုက်ပြီး သူ့ဆီသွားလိုက်သည်။ သူကျွန်မကိုပင် မမြင်။ အိပ်ယာပေါ်သို့ ခေါင်းအပ်လိုက်သည်။ ကျွန်မသိသည် သူငိုနေပြန်ပြီ။
ကျွန်မ သူ့ပုခုံးကို လက်တစ်ဖက်နဲ့ကိုင်လိုက်သည်။ သူလှည့်မကြည့်ပါ။ ငိုမြဲငိုနေသည်။ ကျွန်မ သူ့ခေါင်းလေးအား အသာအယာပုတ်ပေးရုံမှ လွဲ၍ ဘာမှ မလုပ်ပေးနိုင်ချေ။ သူငိုရတာ မောလွန်းလို့ ကျွန်မပေါင်ပေါ်အိပ်ပျော်သွားသည်။ ကလေး အိပ်လိုက်ပါ။စိတ်ညစ်စရာတွေမေ့လိုက်ပြီးတော့ အိပ်လိုက်ပါနော်။ ကလေး ကောင်းကောင်းမအိပ်ရတာကြာနေပြီလေ။
တအောင့်ကြာတော့ သူတချက်လူးလိမ့်လာသည်။ သူပြန်နိုးလာပြန်သည်။ အော် အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ကိုတောင် ကောင်းကောင်းမအိပ်စက်ခိုင်းရလောက်အောင် ကံကြမ္မာက ဆိုးလှပါလားနော်။ သူကျွန်မကို ရင်ဖွင့်ဖို့ဟန်ပြင်လိုက်သည်။ ကျွန်မလည်း ဂရုတစိုက်နားထောင်ဖို့ သူ့အနားတိုးလိုက်သည်။ မမ စောနက ငိုသံကြားတယ်မို့လား။ အဲဒါတခြားသူမဟုတ်ဘူးမ။ အဲဒါ………………………..
တတိယပိုင်း မျှော်......

ကျွန်မမငိုတော့ပါ

ကျွန်မ မနေ့က ကောင်မလေးတစ်ယောက်ကိုတွေ့တယ်။ ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ စောင်ခြုံပြီးငိုနေတယ်။ သူ့ကိုကြည့်ရတာ တစ်ယောက်ယောက်က သူ့ငိုနေတာကို သိမှာစိုးရိမ်နေတဲ့ပုံပဲ။ ကျွန်မလည်း သူ့ကိုကြည့်ပြီး ငိုချင်သွားတယ်။သိချင်စိတ်နဲ့ စောင်ကိုအသာအယာ မပြီးမေးလိုက်မိတယ် ဘာလို့ငိုနေတာလဲလို့။ သူ ကျွန်မကို မော့ပြီး အားကိုးတကြီးနဲ့ ကြည့်လိုက်တယ်။ ပြီးတော့ သူခဏတွေဝေသွားတယ်။ သူတစ်ခါမှမတွေ့ဘူးတဲ့ သူကို သူ့အကြောင်းပြောရမှာကို ကြောက်နေသလိုပဲ။ ပြီးတော့ သူကျွန်မကိုပြောပြတယ် သူ့ကို သူ့အမေက ဂရုမစိုက်ဘူးတဲ့လေ။ တကယ်တော့ ဒီနေ့က သူ့မွေးနေ့တဲ့၊ အခု ၈နာရီတောင်ထိုးတော့မယ် သူ့အမေက အခုထိပြန်မလာသေးဘူးတဲ့။ အခါတိုင်းနှစ်တွေဆိုရင် သူ့အမေက သူ့ကိုအင်္ကျီလှလှလေးတွေ ၀ယ်ပေးနေကျတဲ့ ကိတ်မုန့်အကြီးကြီးဝယ်ပြီး အိမ်နီးနားချင်းတွေကို ဖိတ်ပြီးမုန့်ကျွေးနေကျတဲ့လေ။ ပြီးတော့ ကျွန်မပုခုံးပေါ်လာမှီပြီငိုတယ် ကျွန်မလည်း ဘာရယ်တော့မသိ သူ့ကိုအရမ်းသနားသွားတယ်။ ကျွန်မဘယ်ဘက်လက်နဲ့ သူ့ကျောကို မရဲတရဲ အသာအယာပုတ်ပေးလိုက်မိတယ်။ ထို့နောက် သူကဆက်ပြောတယ်။ ဒီနှစ်သူတို့အိမ် စီးပွားရေးမကောင်းဘူးတဲ့။ လူလိမ်ခံရတာလို့တော့ လူကြီးတွေပြောတာ သူကြားတယ်တဲ့။ အခုသူ့အမေက အဲဒီလိမ်တဲ့သူအကြောင်းကိုသွားစုံစမ်းတာတဲ့။ သူမငိုသင့်မှန်းကို သူသိတယ်တဲ့။ အခုချိန်သူ့အမေပြန်လာရင် စိတ်မကောင်းဖြစ်မှာတဲ့။ အဲဒီတော့ သူမငိုတော့ဘူးဆိုတဲ့ အကြောင်းကို ရှူိက်ကြီးတငင်ပြောရှာတယ်။
“ဒေါက် ဒေါက် ဒေါက် ……..”
“မငု တံခါးဖွင့်အုံး၊ ငါ နင်ငိုနေတာသိတယ်၊ အခုဖွင့်” ဟော ကလေးမလေးရဲ့ အမဖြစ်ဟန်တူတဲ့ နောက်ထပ်ကလေးတစ်ယောက် တံခါးဖွင့်ဖို့ပြောနေတယ်။
“ညီမလေး……………………………. မငိုပါဘူး မကေ။” လို့ပြောပြီး ထိုကလေးမလေး မျက်ရည်ကို ဂါဝန်စနဲ့ ကပြာကယာသုတ်ပြီး တံခါးကို အမြန်သွားဖွင့်တယ်။ ကျွန်မလည်းတံခါးကြားမှာ အမြန်ဝင်ပုန်းလိုက်တယ်။ ကျွန်မကိုယ်တိုင်တောင် ဒီနေရာဘယ်လိုရောက်နေမှန်းမသိတာ သူတို့မြင်သွားရင် လန့်အော်မည်စိုး၍ ဖြစ်သည်။
ကျွန်မ ဒီနေ့ ကလေးမလေးအားရှာဖွေမိသည်။ အခန်းထဲမှာများ ငိုနေတာလားဟု ရှာကြည့်သည်။မရှိပါ။ ဒါဆိုသူဘယ်ရောက်နေတာလဲ။သြော် ကလေးသဘာဝများနော် စိတ်ညစ်လည်းခဏပင်။ သူငိုမနေဘူးဆိုတဲ့အသိက ကျွန်မကိုစိတ်ခဏသာ အေးချမ်းသွားစေသည်။ဟုတ်သည်။သူသည် သူငိုတာကို သူများမြင်မှာ အကြောက်ဆုံးဖြစ်သည်။ သူအခန်းထဲမှာရှိမနေဘူးဆိုပါက သူမငိုနေသည်မှာ ၉၀ရာခိုင်နှုန်းသေချာသည်။ ကျွန်မ မရဲတရဲနှင့် အခန်းအပြင်ထွက်ကြည့်သည်။ အိမ်ရှေ့မှာများဆော့နေတာလား။ ဒါမှမဟုတ် မီးဖိုချောင်ထဲမှာများလား?????????
ဟော တွေ့ပါပြီ။ သူ ဧည့်ခန်းမှာ။ သူဘာလုပ်နေတာလဲဟု စူးစမ်းကြည့်လိုက်တော့ သူမျက်နှာကျက် မတပ်ထားသေးတဲ့ သူ့ရဲ့ပျဉ်ထောင်အိမ်ခေါင်မိုးကို မျက်တောင်မခပ် ကြည့်နေတာ။ တကယ်တော့ သူ့အိမ်လိုဆိုလိုမရပါ။ ထိုသို့ဆိုလျှင် မိဘအိမ်ဖြစ်မည်ဟု ထင်လျှင်လည်းမှားမယ်။ သူ့မိဘ ကိုယ်ပိုင်အိမ်မဟုတ်ပါ။ သူ့အမေ၏မောင် သူ့ဦးလေး၏အိမ်ဖြစ်ပါသည်။ သူဘာတွေများ ဒီလောက်စိတ်ဝင်စားနေတာပါလိမ့်။ ကျွန်မ လူရိပ်အကဲကြည့်၍ သူ့အနားချည်းကပ်လိုက်သည်။ သူက ကျွန်မကိုမြင်တော့ ပြောသည်။ သူလူ့လောကမှာ အသက်မရှင်ချင်တော့ဘူးတဲ့လေ။ အခုသူတို့မိသားစု ကြွေးပတ်လည်ဝိုင်းနေတယ်တဲ့။ အရင်ကခင်လှပါပြီဆိုတဲ့ သူ့အမေအသိတွေကလည်း ပိုက်ဆံနဲ့ပတ်သက်လာတော့ ဖုန်းတောင်မဆက်ကြတော့ဘူးတဲ့။ အမေမှာ ဟိုလူ့တွေ့လည်း အောက်ကျခံတောင်းပန်ရ၊ ဒီလူ့တွေ့လည်းအောက်ကျခံတောင်းပန်ရနဲ့ သနားပါတယ်တဲ့။ တကယ်တော့ သူ့မေမေက သူတို့ညီအစ်မသုံးယောက်ကို မွေးကတည်းက ပြုစုကျွေးမွေးလာတာတဲ့။ သူ့အဖေက လခစားဝန်ထမ်း၊ ပြီးတော့ နယ်မှာပဲနေရတာဆိုတော့ သူတို့အတွက် ဘာမှမ၀ယ်ပေးနိုင်ဘူး။တခါတလေ ပြန်လာမှသာ မုန့်လေးတွေဝယ်လာတာတဲ့လေ။ အမေက ဘာလုပ်တာလဲဟု ကျွန်မမေးလိုက်မိသည်။ မေးလိုက်ပြီးမှ ငါမေးသင့်ရဲ့လားဟု စိတ်ထဲ၌ တွေးပြီး သူ့ကိုတချက်အကဲခတ်လိုက်သည်။ သူ့မျက်နှာမှာ ပကတိတည်ငြိမ်နေသည်။ ထို့နောက် သူကပြောတယ်။ သူ့အမေက ဆိုင်လည်းဖွင့်ထားတယ်တဲ့။ ကျောက်တို့စိန်တို့လည်းရောင်းတယ်တဲ့။ အိမ်တို့ဘာတို့လည်း တစ်ခါတလေပွဲစားလုပ်တယ်တဲ့။ ဘုရား ဘုရား။ ကျွန်မဘုရားတမိသည်။ အာဂမိခင်စိတ်ဓာတ်ပါလား။ သမီးသုံးယောက်ကို လုပ်ကျွေးနေတဲ့ မိခင်ကောင်းတစ်ဦးဟု ကျွန်မကောက်ချက်ချမိသည်။ သူကဆက်ပြောတယ်။ သူအခုတွေးနေတာတဲ့ သူတို့အိမ်ကို လူကိုယ်တိုင်တမျိုး ဖုန်းနဲ့တဖုံ လာလာပြီး အကြွေးတောင်းတဲ့သူတွေရှိတယ်တဲ့။ ပေးချင်ရင်တောင် အခုခက်နေတာက သူတို့အိမ်မှာ စားစရာဆန်တောင်မရှိတော့ဘူးတဲ့။ ဟိုတခေါက် သူတို့အိမ်မှာ ဆန်ကုန်တုန်းက သူ့အမေကိုပြောတော့ စိတ်ဆိုးပြီး သူ့ကိုလှမ်းအော်တယ်တဲ့လေ။ ပြီးတော့ ၀ုန်းဒိုင်းလုပ်ပြီး အပြင်ထွက်သွားတယ်တဲ့လေ။ သူအဲဒီနေ့က ၀မ်းနည်းလွန်းလို့ ဘာမှမစားဘဲ အိပ်လိုက်တယ်တဲ့လေ။ ဒါပေမယ့် မနက်နိုးလာတော့ ဗိုက်ဆာလို့အုပ်ဆောင်းဖွင့်လိုက်တာ သူကြိုက်တတ်တဲ့ ခေါက်ဆွဲကြော်လေး အေးခဲနေတဲ့ အပြင်မာတောင်မာနေပြီတဲ့။ သူ့အမေ မနေ့ညက အပြင်ထွက်ပြီးသွားဝယ်တာကြောင်းကို သူ့အစ်မပြောလို့ သူသိရတယ်တဲ့လေ။ ထိုနေ့လည်၌ပင် ဆန်နှစ်အိပ် လာပို့သွားတယ်တဲ့။ ဒါပေမယ့် ညသူ့အမေပြန်လာတော့ သူတခုတခုထူးခြားလို့ကြည့်လိုက်တာ သူ့အမေနားပေါက် အရင်ကထက်ပိုကျယ်နေတာကို သူသတိထားမိလိုက်တယ်တဲ့။အခုလည်း ဆန်ကထက်ကုန်ပြန်ပြီတဲ့။ သူမပြောရဲပါတဲ့။ သူ့အမေက စီးပွားရေးအခုလိုဖြစ်ကတည်းက ထမင်းဟင်းလည်းမချက်တော့၊ အိမ်မှာလည်းထမင်းမစားတော့ ဆန်အခြေအနေကို မသိ။ တော်သေးတယ်ဟု ဆိုရမည် ထိုကလေးမလေးညီအစ်မအား အမေလိုတမျိုး စောင့်ရှောက်ပေးတဲ့ ဆရာမအပျိုကြီးက သူတို့အတွက် ထမင်းဟင်းကအစ စီစဉ်ချက်ပြုတ်ပေးနေလို့။ ကျွန်မအတွေးထဲခဏမျောသွားသည်။ သတိရလာတော့ ထိုကလေးမလေးအားတဖန်ပြန်ကြည့်လိုက်မိသည်။ ထိုကလေးမလေးလည်း အဝေးကိုငေးနေပြန်သည်။ ကျွန်မကပင်သူ့ရဲ့ ငေးမောမှုကို ဖြိုခွဲလိုက်သည်။ အခုဘာလိုလုပ်မလဲဟုမေးလိုက်မိသည်။ သူကငေးနေရာမှ ကျွန်မကိုစောင်းငဲ့ကြည့်ပြီး ဒီထုတ်တန်းဘယ်လောက်မြင့်သလဲဟုမေးလိုက်သည်။ ကျွန်မ ပေ၂၀လောက်တော့ မြင့်မှာပေါ့ဟု ပေါ့ပေါ့တန်တန်ဖြေလိုက်သည်။ ထို့နောက် သူထုတ်တန်းပေါ်တက်သွားသည်။ ကျွန်မကြောင်ပြီးငေးနေမိသည်။ သူဘာများလုပ်မလို့ပါလိမ့်။
ဆက်ပါအုံးမည်..................

Monday, July 20, 2009

အတ္တသင်ခန်းစာ

ထိုအမှားကြောင့် ကျွန်မအားတဖန်ပြန်၍ သတ်မည်ဆိုလျှင် ကျွန်မနောက်တစ်ခါပြန်၍ သေ၀ံ့သည်။
အခန်း(၁)
အိမ်ရှေ့၌ ချိတ်ထားသော နာရီက တစ်ချက်ချက် မြည်နေသည်။ ညပေါင်းများစွာ မအိပ်စက်ခဲ့သောကြောင့် မျက်လုံးများကျိန်းစပ်နေသည်။ ခေါင်းမဖြီးပဲထားသည်မှာ အတော်ကြာနေပြီဖြစ်၍ အရင်က နက်မှောင်ပျော့ပျောင်းသော ဆံပင်မှာ ရှုပ်ထွေးနေသည်။ ခေါင်းထဲ၌လည်း ရီဝေေ၀ နေ့လား ညလားကိုလည်း ကျွန်မ မခွဲခြားနိုင်။ မနက်ဖြစ်လိမ့်မည်ဟု ကျွန်မထင်သည်။ခန္ဓာကိုယ်အား ငဲ့ကာ အားယူပြီး နာရီကိုတစ်ချက်ကြည့်လိုက်သည်။ အခုမှ မနက်သုံးနာရီရှိသေးသည်။ ကျွန်မအား အမျိုးမျိုးနှိပ်စက်နေသော အတွေးများကို ခဏတာမေ့လိုက်ချင်သည်။ အတင်းကျိတ်မှိတ်ပြီး မျက်စိအားပိတ်လိုက်သည်။ မရပါ။ နာကြည်းမှုများက ကျွန်မရင်ထဲ ပြည့်နှက်နေသည်။ မိုးအမြန်လင်းပါစေတော့ဟု ကျွန်မဆုတောင်းမိသည်။ မနက်မိုးလင်းခဲ့လျှင်…………………………………
ကျွန်မသည် ဒီနေ့ကိုစောင့်နေသည်မှာ ၂လရှိပြီ။ အခုတော့ ဒီနေ့ကိုရောက်လာပြီ။ ကျွန်မကိုယ့်ကိုယ်ကိုမေးမိသည်။ “ငါပျော်ရဲ့လား” လို့။ ကျွန်မထင်သလောက် ပျော်ရွှင်မနေပါ။ ဟုတ်သည်။ဒီနေ့တရားရုံးက နောက်ဆုံး အမိန့်ချမည့်နေ့။ ကျွန်မအတွက် မျှတသောစီရင်ချက်တစ်ခုအား ရုံးတော်ကချပေးမည့်နေ့။ ထို့ကြောင့် ကျွန်မပျော်ရမည်။ မှန်သည်။ ကျွန်မဘာကိုမှ တွန့်ဆုတ်မနေသင့်ပါ။ နောက်ဆုံးတရားစီရင်ချက်ချအပြီးတွင် အောင်နိုင်သူမှာကျွန်မပဲဖြစ်ရမည်။ ကျွန်မသည် ကိုယ်လုပ်ပြီးသောကိစ္စကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ နောင်တ မရတတ်သော အကျင့်ရှိသည်။ အခုတစ်ကြိမ်ရော ကျွန်မနောင်တမရဘဲ နေနိုင်ပါ့မည်လား။ ကျွန်မခေါင်းကို ရမ်းချလိုက်ပြီး “ခင်ငြိမ်းသက် နင်ဘာတွေ တွေဝေနေတာလဲ။ အခုဟာက နင့်ဘက်က ရသင့်တဲ့ လျော်ကြေးကို ပြန်တောင်းနေတာလေ။ သစ္စာမရှိတဲ့သူတွေကို ဒီတိုင်းလွှတ်ထားလို့မှ မရတာ။ နင်မှန်ပါတယ်။”ဟု တကိုယ်တည်း ရေရွတ်ပြီး ကျွန်မ မျက်လုံးကို ကြိုးစားမှိတ်လိုက်ပြီး အိပ်ရန်ကြိုးစားလိုက်သည်။
နာရီလက်တံသည် တရွေ့ရွေ့နှင့်သွားနေသည်။

အခန်း(၂)
“မင်းဟာအကြင်နာတရားခေါင်းပါးတဲ့မိန်းမပဲ” မြတ်စွာဘုရား…….ကျွန်မနားနှင့်ဆက်ဆက်ကြားလိုက်ရသည်ကိုပင် မယုံကြည်ချင်။ထိုစကားများသည် ကျွန်မ၏ ယုံကြည်ရဆုံးသော၊ အတွယ်တာရဆုံးသော ခင်ပွန်းက ပြောကြားနေခြင်းဖြစ်သည်။ ကျွန်မသည် ကိုယ့်နားကို သံသယ၀င်နေချိန်တောင်မရ နောက်ထပ်အသံတစ်ခုကို ကြားလိုက်ရပြန်ပါသည်။နံရံကို လက်သီးနှင့် ပစ်ထိုးလိုက်သောအသံ။ ကျွန်မလှည့်မကြည့်ခဲ့ပါ။ ထို့နောက် ကျွန်မလေသံအေးလေးနဲ့ပင်
“ရှင်က အခုတော့ ဒေါသထွက်တတ်တယ်ပေါ့ ဟုတ်လား။ ကျွန်မကို ထိခိုက်အောင်လုပ်ရင် ရှင်တို့ပဲ ပြန်ခံစားရမှာကို ရှင်ကြိုမတွက်ထားဘူးလား။ ဒါတွေအားလုံး ရှင်တို့လုပ်တာပဲလေ။ တရားခံက ရှင်တို့ကိုယ်တိုင်ပဲ။ ကျွန်မ မဟုတ်ဘူး”
သူခေါင်းငိုက်စိုက်ကျသွားပြန်ပါသည်။ ထို့သို့သူခေါင်းငိုက်စိုက်ကျသွားသည်ကို ဒုတိယအကြိမ် မြင်လိုက်ရခြင်းဖြစ်ပါသည်။ သူတာဝန်ကျရာ မဲစောက်ကို မလိုက်နိုင်ပါဟုပြောတုန်းကတစ်ကြိမ်၊ အခုတဖန် နောက်တစ်ကြိမ်။
“ကိုယ်မင်းကိုတောင်းပန်ပါတယ်ကွာ။ ကိုယ့်အပြစ်တွေကိုလည်း ၀န်ခံပါတယ်။ ကိုယ်မင်းအပေါ်တာဝန်မကျေခဲ့ဘူး။ အခုဟာက ကိုယ်မင်းကို ခွင့်လွတ်ဖို့တောင်းဆိုနေတာလဲ မဟုတ်ဘူး။ မင်းကိုယ့်ကို အချိန်သုံးလပဲ ပေးပါ။ သုံးလပြီးတာနဲ့ ကိုယ့်အပြစ်ကို ကိုယ်ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်ကွာ။ အဲဒီတော့မှ မင်းကြိုက်သလို လုပ်ပါကွာ” သွားစမ်းပါ။ ဒါတွေ အခုအချိန်မှာ ဒါတွေ အသုံးမ၀င်ပါဘူး။ အခုအချိန်မှာ နတ်ပြည်က သိကြားမင်းဆင်းလာပြီး တားရင်တောင်မရဘူး။ ရှင်တို့ပျော်နေတုန်းက ကျွန်မရဲ့ ခံစားချက်ကိုထည့်မတွက်ဘူးမို့လား။ ကျွန်မဘက်ကိုနဲနဲလေးမှ ငဲ့မကြည့်ဘူးမို့လား။ အခုမှ ဘာလို့ ကျွန်မကို စာနာဖို့ သနားဖို့ လာပြောနေရတာလဲ။ ကျွန်မရှင်တို့နှစ်ယောက်လုံးကို မုန်းတယ်။ကျွန်မခံစားခဲ့ရတာတွေ ရှင်တို့နှစ်ယောက်လုံး ပြန်ခံစားစေရမယ်။ ကျွန်မမဲ့ပြုံး ပြုံးလိုက်သည်။ ပြီးတော့လောကကြီးကို ဟားတိုက်ရယ်မောပစ်လိုက်သည်။ အက်ကွဲနေသော အသံအားပြန်ထိန်းရင်း
“ရှင်က ကျွန်မကိုလျော့တွက်ထားတာကိုး။ အခုအချိန်မှာ ရှင်ဘာပြောပြော ခေါင်းငြိမ့်လက်ခံမဲ့ အရင်က သက် မဟုတ်တော့ဘူး။ တကယ်တော့ ရှင် ကျွန်မကို ပစ်ပယ်ခဲ့တာကြာပါပြီ။ အခုမှ ဘာလို့လာပြီး ပတ်သက်ချင်ရတာလဲ။ ဘာလဲ အခုရှင်ကြောက်နေပြီမဟုတ်လား? ရှင်က ကျွန်မရဲ့ စိတ်ကိုလာစမ်းတာကိုး။ သက် ဆိုတဲ့မိန်းမက ဘာကိုမှ နောက်မဆုတ်တတ်တာ ရှင်သိပါတယ်။ အဲဒီတော့ ကိုယ့်ဘာသူ ဘုရားလေးဘာလေးရှစ်ခိုးပြီး ရှေ့နေလေးဘာလေးဌားလိုက်ဦးပေါ့။ ပြီးတော့ ရှင်ရဲ့ အငယ်အနှောင်းလေးကိုလည်း အားပေးလိုက်အုံး။ သူ့ခမျာ ကိုယ်ဝန်အရင့်အမာကြီး မဟုတ်လား? ကဲ ရှင်ပြန်တော့ တရားရင်ဆိုင်တဲ့ နေ့မှပဲ ထပ်တွေ့ကျတာပေါ့။ ရှင်ကံကောင်းပါစေ” သူအံကျိတ်လိုက်သည်ကို မမြင်ချင်ယောင်ဆောင်ထားသည့် ကြားမှ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ထို့နောက် သူဝုန်းခနဲထကာ ကျွန်မရှေ့က လှည့်ထွက်သွားသည်။
ကျယ်ပြန့်သော နောက်ကျောပြင်အား ငေးရင်း ကျွန်မမျက်ရည်ဝဲလာသည်။ မဖြစ်ပါ ကျွန်မမျက်ရည်ကျလို့ မဖြစ်ပါ။ ငိုတယ်ဆိုတာ ရှုံးနိမ့်တဲ့သူတွေ လုပ်တဲ့အလုပ်။ ကျွန်မ မရှုံးနိမ့်ပါ။ ကျွန်မနိုင်လိမ့်မည်။ သေချာသည် ဒီပွဲမှာ ကျွန်မနိုင်လိမ့်မည်။ ရှုံးနိမ့်မည့် ထိုသူနှစ်ယောက်၏ ငိုကြွေးသံအား ကြည့်ရင်း ကျွန်မဟားတိုက်ရဦးမည်။ နှစ်ယောက်။ မဟုတ်ပါ။ ထိုသူနှစ်ယောက်ထဲမဟုတ်ပါ။ နောက် လအနည်းငယ်အတွင်း လူ့လောကရောက်လာမည့် ကလေးငယ်တစ်ဦးပါလိမ့်ဦးမည်။

အခန်း(၃)
“ကိုရယ်သေချာလို့လား positive ဆိုတာ” ကျွန်မတအံ့တသြမေးလိုက်သည်။ “ဟုတ်တယ်သက် သေချာတယ်။”သူအသံမှာ တည်ငြိမ်နေသည်။ ကျွန်မ ဆက်မမေးရဲပါ။ ကျွန်မ ဘာပြန်ပြောရမည်ကိုလည်း ရှာလို့မတွေ့ပါ။ ဆရာဝန်တစ်ယောက်အနေနှင့် အခုကိစ္စကို ကြားရသည်မှာ မထူးဆန်းသော်လည်း ဒီတစ်ကြိမ်တော့ ကျွန်မဆွံ့အနေသည်။ သူဝမ်းနည်းနေလား ဒါမှမဟုတ် စိတ်ဓာတ်ကျနေလား။ တစ်ဖက်မှ ပြောနေသော ကို့အသံကို မကြားတချက် ကြားတစ်ချက်။ ထိုနောက်သတိပြန်ဝင်လာကာ ငါသူ့ကို နှစ်သိမ့်ရမယ် ဟုတ်တယ် အခုချိန်မှာ အရေးကြီးဆုံးက သူစိတ်ဓာတ်မကျဖို့ပဲ။ သို့သော်ကျွန်မ သူ့အတွက် ဖြေသိမ့်စရာ စကားရှာမတွေ့။
“သက် ကို အခုချိန်မှာ တစ်ယောက်ထဲနေချင်တယ်။ သက်ကိုလည်း ၀န်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ ကိုတို့အတွက် အကောင်းဆုံးဖြစ်အောင် ကို စဉ်းစားပြီးပြီ။ ကိုတို့ ကွာရှင်းကြရအောင်” သူသည် ကျွန်မစိတ်ကိုသိသည်။ သူထိုသို့ပြောလိုက်ချိန်မှာ ကျွန်မဘာတွေဆက်၍ ဆက်၍ တွေးနေမည်ကိုလည်း သူသိသည်။ ကျွန်မ၀န်ခံပါတယ်။ ကျွန်မသည် အတ္တကြီးသည်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ခံစားချက်ကိုမှ ဂရုမစိုက်တတ်။ အထူးသဖြင့် သူနှင့်အိမ်ထောင်သက်တမ်း ၇နှစ်လုံးတွင် သည်းခံခဲ့သည်မှာ သူပင်ဖြစ်သည်။

အခန်း(၄)
ကျွန်မညညအိပ်မပျော်ပါ။ သူ့မှာ HIV positive တဲ့။ ထိုသို့ဆိုလျှင် ကျွန်မတွင်လည်းထိုရောဂါပိုး ရှိနေနိုင်သည်။ ကျွန်မကြားကြားချင်း ကြောက်မိတာအမှန်ပါ။သို့သော် သူ့နောက်လိုက်မနေသည်မှာ ၁နှစ်မျှရှိနေသည်ကတစ်ကြောင်း၊ သုံးလတစ်ကြိမ်သွေးလှူဖြစ်သဖြင့် သွေးအမြဲစစ်နေရသည်ကတစ်ကြောင်း အခုချိန်တွင် HIV ပိုးရှိမနေသည်မှာ သေချာသည်။ ကျွန်မတစ်ခုခုကိုရွေးချယ်ရမည်။ ဆရာဝန်အလုပ် သို့မဟုတ် ချစ်လှစွာသောခင်ပွန်းသည်။ ကျွန်မအမျိုးမျိုးစဉ်းစားကြည့်သေးသည်။ ကျွန်မ သူ့အနားမှာ သူသေဆုံးသည်အထိ ဆရာဝန်တစ်ယောက်အနေနှင့် သူကိုစောင့်ရှောက်ပြီးနေရင်ရော? သူနှင့်အတူတူနေပါက ကျွန်မတို့ ဘယ်လိုပင်ထိန်းစေကာမူ တစ်ချိန်ချိန်မှာ ဒီရောဂါကျွန်မဆီ မကူးစက်နိုင်ပါဘူးဟုမပြောနိုင်။ ထိုရောဂါပိုးရှိနေမှန်းသိလျှက်နှင့် ဆရာဝန်တစ်ယောက်၏ တာဝန်ကိုဆက်ယူ၍မသင့်ပါ။ကျွန်မ ဆရာဝန်ဘ၀ကိုမစွန့်လွှတ်ချင်ပါ။ သူ့ပြောသည့်အတိုင်း ကွာရှင်းပါကလည်း ၇နှစ်လုံးလုံး အေးအတူပူအမျှနေလာသော ခင်ပွန်းအပေါ်တာဝန်မကျေရာ ရောက်မည်။ အခုကိစ္စမှာ တာဝန်တွေ၊ ဘာတွေ ဘေးချိတ်ထားဦး။ကျွန်မ၏ စိတ်ရင်းအမှန်ကဘာလဲ။ ကျွန်မဟာ သူနာမကျန်းဖြစ်တော့မှ စွန့်ခွာမည့်လူစားလား။ ဒီလိုဆို ကျွန်မ သူ့ကိုချစ်တယ်ဆိုတာ လိမ်တာပဲ။ ကျွန်မ မလိမ်ပါ။ ကျွန်မ သူ့ကို တကယ်ချစ်ခဲ့သည်။ ကျွန်မ ရင်နှင့်ရင်းပြီးကို ချစ်ခဲ့သည်။ သူ့ပုံရိပ်များ ကျွန်မမျက်စိထဲတွင် တရေးရေးမြင်လာသည်။ ထို့နောက် ကျွန်မခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
အခန်း(၅)
“ကိုရဲခေါင်နဲ့ တွေ့ချင်လို့ပါရှင်” ကျွန်မသူ့အားဖုန်းတောင်မဆက်ပဲ သူရှိရာ မဲစောက်သို့ လိုက်လာခဲ့သည်။သူသည် အံ့သြနေလိမ့်မည်။ ကျွန်မ၏ အချစ်အတွက်လည်း သူဂုဏ်ယူနေလိမ့်မည်။
သို့သော် တစ်ဖက်လူ၏ စကားမှာ ကျွန်မမျှော်လင့်ထားသလိုမဟုတ် “ကိုရဲခေါင် သူ့မိန်းမ ကိုယ်ဝန်အဆိပ်တက်နေလို့ ဆေးခန်းသွားပြပါတယ်ခင်ဗျာ”
“ရှင်”ကျွန်မ ယောင်ရမ်းပြီးအော်မိသည်။ နွေခေါင်ခေါင်မှာ ကျွန်မ ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပဲ။ ကျွန်မ ခေါင်းမိုက်ခနဲမူးသွားသည်။ ကိုရဲခေါင်ဆိုသူ၏ တရားဝင်ယူထားသောမိန်းမက ကျွန်မလေ။ လူမှားတာဖြစ်မှာပါ။ ကိုဘယ်လိုမှမဖြစ်နိုင်ပါ။ “ဒီဝင်းထဲမှာ ကိုရဲခေါင်ဘယ်နှစ်ယောက်ရှိလဲဟင်။” ကျွန်မ အသံကိုထိန်းပြီးပြန်မေးလိုက်သည်။“ကျောက်ပန်းတောင်းသား ကိုရဲခေါင်တစ်ယောက်ပဲရှိပါတယ် ခင်ဗျာ” အို့ ဒါဆိုသေချာသွားပြီပေါ့ ကျွန်မ၏ခင်ပွန်း ရဲခေါင်ဆိုတာ။ ကျွန်မ အငွေ့လေးအဖြစ် ဒီကမ္ဘာမြေမှ စွန့်ခွာသွားချင်သည်။ အရှင်လတ်လတ်မြေမျိုသွားသလိုပဲ ကျွန်မရင်ထဲပူနေသည်။ဒါကျွန်မ၏ သိက္ခာကိုလည်း စော်ကားတာ၊ ကျွန်မ အချစ်ကို အလွဲသုံးစားလုပ်တာ။ တရားဝင်မယားရှိရက်နဲ့ မိန်းမနောက်တစ်ယောက်ထပ်ယူတာ လူ့စည်းမျဉ်းချိုးဖောက်တာ။ ကျွန်မသည်းမခံနိုင်ပါ။ ကျွန်မဒီနေရာတွေ ကြာကြာနေနိုင်မည်မဟုတ်ပါ။ အကောင်းဆုံးကတော့ ကျွန်မဒီနေရာက အမြန်ဆုံးထွက်သွားဖို့ပါပဲ။ ကျွန်မရှောင်ပြေးခြင်းမဟုတ်ပါ။ ကျွန်မ၏ မျက်ရည်စများအား လူတွေအမြင်မခံချင်ရုံသာ ဖြစ်သည်။ ကျွန်မနဲ့ ဝေးသွားတဲ့ တစ်နှစ်အတွင်းမှာ ၇နှစ်တာလက်တွဲခဲ့တဲ့ သံယောဇဉ်က ကုန်ခမ်းသွားနိုင်သလား။
“ ကိုရဲခေါင် ကျွန်မ ခင်ငြိမ်းသက်ပါ။ ကျွန်မ အခု (----) ဟိုတယ်မှာ။ အခုလာတွေ့ပါ။” ကျွန်မပြောဆိုပြီး ဖုန်းချလိုက်သည်။ ကြည့်ကြသေးတာပေါ့ ကျွန်မကို ဘယ်လိုမျက်နှာမျိုးနဲ့လာတွေ့မလဲဆိုတာ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောင်္ကျားတစ်ယောက်၏ ပါးစပ်က ဘာစကားများထွက်လာမလဲဆိုတာ။
ဒေါက်.. ဒေါက်…
“ကျွန်မတံခါးဖွင့်ထားတယ် ၀င်ခဲ့ပါ။” သူဝင်လာသောအသိနှင့်တပြိုင်နက် သူ့ရေမွှေးနံ့ ကျွန်မရလိုက်သည်။ တချိန်က ရူးသွပ်ခဲ့သော ထိုအနံသည် အခုချိန်မှာ စက်ယုတ်ဖွယ်ရာ။
“ရှင့် အတွက် ကလေးက အဲလောက်တောင်အရေးပါလား” ကျွန်မဆီး၍ မေးလိုက်သည်။ “ရှင်ကျွန်မကို မပေါင်းချင်တော့ပါဘူးလို့ပြောလိုက်တာကမှ ကျွန်မအတွက်နေသာဦးမယ်။ အခုတော့ အကြောင်းပြချက်တွေပေးပြီး လိမ်တာကျွန်မ ဘာသဘောလဲ။ ကျွန်မဘာကိုမှ အရာအားလုံးကို စွန့်ပြီး ရှင့်နောက်လိုက်လာခဲ့တာ။ နောက်ဆုံးရလဒ်က ဒါပဲလား။ ပြောပါအုံး။ ရှင်တော်ပါတယ်။ ကျွန်မအပေါ် အလှပဆုံးနဲ့ အသေသပ်ဆုံး အနိုင်ယူဖို့ကြိုးစားတာ။ ရှင့်မှာ HIV ရှိတာကို သိရင် ဆရာဝန်အလုပ်ကို ချစ်တဲ့ ကျွန်မ ရှင်ပြောတာကို လက်ခံပြီး ကွာရှင်းပေးမှာကို ရှင်ကကြိုသိနေလို့မဟုတ်လား။ ဒါဆိုရှင်မှားသွားပြီ။ သက်ဆိုတဲ့မိန်းမက ရှင့်အတွက်ဆိုရင် ဘာကိုမှ မကြောက်ဘူးဆိုတာကို ရှင်အစကတည်းက ရိပ်မိဖို့ကောင်းတယ်။”
“ကိုတောင်းပန်ပါတယ်ကွာ၊ ကိုလည်း ဘာမှကြံရာမရတော့လို့ပါ။ ကိုယ့်ဘက်ကလဲ လွန်ထားပြီးပြီဆိုတော့ ကိုယ်မှာတာဝန်ယူဖို့ရှိတယ်။မင်းရဲ့အချစ်ကိုလည်းစော်ကားမိသလိုဖြစ်သွားတယ်။ ကိုတကယ်တောင်းပန်ပါတယ်ကွာ။ ကိုယ်ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး။မင်းနားလည်ပေးနိုင်လိမ့်မယ်လို့လဲ ကိုယ်မျှော်လင့်ပါတယ်။ ဒါကြောင့် ကိုယ်တို့ ကွာရှင်းကြရအောင်”
ဘာပြောတယ်။ ကျွန်မနားလည်မပေးနိုင်ပါဘူး။ရှင်တို့ပျော်ရွှင်ဖို့ ကျွန်မကငိုကြွေးနေရမှာလား။အဇာတသတ် ငရဲဆင်းခါနီး ချွန်းမရှိ အစွမ်းကုန် မိုက်နေသလိုပါပဲလား။
“ကျွန်မမနက်ဖြန် မန္တလေး ပြန်မယ်။ အဲဒီမှာမှပဲ ထပ်တွေ့ကြတာပေါ့”ကျွန်မ စကားကို သူနားလည်မလည်တော့ မသိ။ သို့သော် မကြာမီသူနားလည်သွားလိမ့်မည်။ သူတင်မဟုတ် သူ့နောက်မိန်းမပါ နားလည်သွားလိမ့်မည်။

အခန်း(၆)
ကလေးမရနိုင်သော မိမိကိုယ့်ကိုယ်ကို အပြစ်တင်ရမည်လား။ အိမ်ထောင်ဖောက်ပြန်ရက်သော သူ့ကို အပြစ်တင်ရမည်လား။ ရက်စက်လှသောကံကြမ္မာကိုပဲ အပြစ်တင်ရမည်လား ကျွန်မ ဝေခွဲလို့မရ။ မန္တလေးကိုပြန်ရောက်ပြီး သိပ်မကြာမီ ကျွန်မ၏ဆေးရုံသို့ တရားရုံးမှ ဆင့်ခေါ်စာရောက်လာပါသည်။ ကျွန်မအတွက် တရားမျှတစွာ ဆုံးဖြတ်ပေးမည့်နေ့ နီးလာပါပြီ။ အကယ်၍ သူအမှုရှုံးလျှင် သူအလုပ်ပြုတ်လိမ့်မယ်။ ကံဆိုးလျှင် ထောင်ပါကျနိုင်သည်။ ဒီလိုဆိုရင် ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်လေးပေါ့။ မိသားစုလေးတစ်စု ပြိုကွဲသွားတဲ့အကြောင်းလေးပေါ့။ ကျွန်မ သတိပြန်ဝင်လာသည်။အခုကျွန်မသူများအိမ်ထောင်ရေးကို ဖျက်ဆီးပစ်နေတာပါလား။ ပျော်ရွှင်နေတဲ့ အသိုက်အမြုံကို ဖျက်ဆီးပစ်နေတာပါလား။ မဟုတ်ဘူး သူတို့က အရင် ကျွန်မ၏ ငြိမ်သက်နေတဲ့ရေပြင်ကို စပြီးခဲနဲ့ ပစ်ကြတာ။ တဖန် နောက်လအနည်းငယ်တွင် လူ့လောကရောက်လာမည့် ကလေးငယ်။ ထိုကလေးငယ်၏ဘ၀ကိုရော ထည့်မတွက်ဘူးလား။ အပြစ်မရှိသော ထိုကလေးငယ်မှာ မိဘများ၏အစား ခံစားရလိမ့်မည်။ ကျွန်မတွေဝေနေပါသည်။ နားစမ်းပါ။ ငါမကောင်းတာမဟုတ်ဘူး။ သူတို့မကောင်းလို့ မှန်လို အရောင်ပြန်ဟပ်တာ။ မုန့်ကိုသာဝေစားမယ်။အချစ်ကို ဘယ်လိုဝေမှာလဲ။ နင်တို့ကတော့ပျော်ရွှင်ပြီး ငါ့ကိုတော့စိတ်ဆင်းရဲချင်ဆင်းရဲပါစေပေါ့ ဟုတ်လား။ ငါဝမ်းနည်းနေရရင် နင်တို့လည်းမပျော်စေရဘူး။ နင်တို့ကို ငါဘယ်တော့မှ ခွင့်မလွှတ်ဘူး။

အခန်း(၇)
“အသင် မောင်ရဲခေါင်သည် တရားဝင်မယားရှိလျှက်နှင့် နောက်မိန်းမထပ်ယူခြင်း၊ တရားဝင်မိန်းမအား လိမ်ညာလှည့်ဖြားပြီး ကွာရှင်းလက်မှတ်ရယူခြင်း အစရှိသည့် အပြစ်မှုမှ ထင်ရှားသဖြင့် ပုဒ်မ----------အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်ကျစေ”

အားလုံးပြီးဆုံးသွားပါပြီ။ ကျွန်မအတွက် မျှတသော တရားစီရင်ချက်ကို ချပြီးသွားသည်မှာ တစ်လတိတိရှိခဲ့ပြီ။ ဂယောက်ကယက်ဖြစ်ခဲ့သော ရင်ခွင်မှာ တည်ငြိမ်စပြုလာပြီ။ ကျွန်မစိတ်ချမ်းသာမှုမရှိသလို ၀မ်းနည်းမှုလည်းမရှိခဲ့ပါ။ သူ့နောက်မိန်းမအကြောင်းကိုလည်း နောက်ထပ်မစုံစမ်းဖြစ်ခဲ့တော့။ သူ့အတွက်တော့ မိန်းမချင်းစာနာမိပါသည်။
“ဒေါက်တာ လူနာတစ်ယောက် အရေးပေါ်ရောက်လာတယ်။” သူနာပြုဆရာမလေး မျက်စိပျက်မျက်နှာပျက် လာပြောသဖြင့် ကျွန်မ၏အတွေးများ ရပ်တန့်သွားသည်။
လူနာသည် နာလွန်းသဖြင့် ညီးညူနေသည်။
“Blood pressure ဘယ်လောက်ရှိသလဲဆရာမ”
“ ၇၅ ၅၀ ပါ ဒေါက်တာ”
ကျွန်မ ဘုရားတမိသည်။ အောက်သွေးအလွန်ကျနေသည်။ ပြီးတော့ PDD ။ ကျွန်မ အလျှင်အမြန်မွေးခန်းထဲသွင်းလိုက်သည်။ “ဆရာမ သွေးဌာနကို ဖုန်းဆက်ပါ။ အိုသွေး ၂ပုလင်းအမြန်ပေးပါလို့။” လူနာသည် သတိမရတချက်၊ ရတချက်။ လူနာသည် ညှစ်နိုင်စွမ်းအားမရှိတော့။ ဒီလိုဆိုမဖြစ် ကလေးသည် မိခင်ဝမ်းထဲ၌ပင် ရေမွန်းပြီးသေသွားနိုင်သည်။ ကျွန်မ ညှက်နှင့်ဆွဲမွေးရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းသည်ဟု ဆိုရမည်။ ကလေးက ခေါင်းကစဆင်းလာသည်။ အကယ်၍ ကလေးသည် ခြေထောက်ကစဆင်းလာပြီဆိုပါက ညှက်နှင့်ဆွဲမွေးရန်ပင် ခက်နေလိုက်မည်။ ကျွန်မတို့ မွေးခန်းထဲတွင် ၂ နာရီမျှကြာခဲ့သည်။ ကျွန်မတို့ ကြိုးစားရကြိုးနပ်ပါသည်။ လူ့အသက်နှစ်ချောင်းကယ်ခဲ့နိုင်သည်။

“ဒေါက်တာ ကုတင် ၁ ကလူနာ သွေးပေါင်တွေကျနေတယ်။ ”
ကျွန်မအမြန်ပြေးသွားသည်။ ဟုတ်သည် လူနာမှာ သွေးသွန်နေသည်။ ကျွန်မ အသက်ကယ်ဆေးထိုးရန် အမြန်ပြင်လိုက်သည်။ ကျွန်မလူနာအား နှလုံးခုန်သံနားထောင်ရန် ပြင်ဆင်လိုက်စဉ် အေးစက်စက်အရာတစ်ခုက ကျွန်မ၏လက်အား လာပြီးထိတွေ့လာသည်။ ကျွန်မလှည့်ကြည့်လိုက်မိသည်။ ထို့နောက် လူနာသည် ကျွန်မအား “မမှီတော့ဘူးမမ ကျွန်မကိုယ့်ကိုယ်ကိုသိတယ်။ ကျေးဇူးတင်ပါတယ်မမ၊ ညီမ မှားခဲ့သမျှ တောင်းပန်ပါတယ်။ ကျွန်မ နောက်ဘ၀မှပဲ မမရဲ့ ကျေးဇူးကိုပြန်ဆပ်ပါ့မယ်။ ညီမကိုခွင့်လွှတ်ပါ။” လူနာသည် အသက်ရှုရပ်သွားသည်။ ကျွန်မစမ်းသပ်ကြည့်လိုက်တော့ အသက်မရှိတော့။ထို့နောက် ကျွန်မစိတ်မကောင်းစွာဖြင့်ပင် ကလေး၏ မှတ်တမ်းအားကြည့်လိုက်မိသည်။
မိခင်-မြခက်
ဖခင်-ရဲခေါင်
ကျွန်မအလွန်ပင် မှင်သက်မိသည်။ဒါ…ဒါဆို ဒီကလေးက ကျွန်မခင်ပွန်း၏ အသွေးအသားပေါ့။ ဒါဆိုအခု သေသွားသည်မှာ မြခက်။ သေသူ၏နောက်ဆုံးစကားများကို အခုမှသေချာနားလည်သွားတော့သည်။ ဒီလိုဆို မြခက်သည် ကျွန်မကိုမှတ်မိနေသည်။ ကျွန်မနှင့်မတွေ့သည့် ၁လအတွင်း မြခက်သည် သိသိသာသာ ပြောင်းလဲသွားသည်။ ကိုယ်ခန္ဓာမှာ သိသိသာသာ ပိန်ချုံးသွားသည်။ ဒါကြောင့်မို့ သူကလေးကို မွေးဖို့ အားအင်မရှိတော့တာ။ ဒါဆို ကျွန်မကြောင့် မြခက်သေတာပေါ့။ ကျွန်မသာ တရားမစွဲခဲ့လျှင်……..
အခန်း(ရ)
“ခွမ်း…………………ခွမ်း…………………..ခွမ်း” မီးဖိုချောင်မှ အသံကြားလိုက်ပါသည်။ ၁၀နှစ်သာရှိသေးသော ထိုကလေး၏ ရင်ထဲ၌ နာကြည်းမှုများပြည့်နှက်နေသည်။ ကျွန်မအားမုန်းတီးနေသည်။ သူ၏အဖေနှင့်အမေကို သတ်သော သူတစ်ယောက်အဖြစ် ကျွန်မကို မုန်းတီးနေသည်။ ကျွန်မထိုကလေးမလေးအား လူလားမြောက်အောင် စောင့်ရှောက်ဖို့ ရှေ့ရေးအားလှမ်းမျှော်ကြည့်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။
ကျွန်မ၏အမှားကြောင့် ကျွန်မအားတဖန်ပြန်၍ သတ်မည်ဆိုလျှင် ကျွန်မနောက်တစ်ခါပြန်၍ သေ၀ံ့ပါသေးသည်။
စာကြွင်း
ရဲခေါင်သည် ထောင်ကျပြီး ၃နှစ်အကြာတွင် ငှက်ဖျားရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။
***************************************************************************

Sunday, July 12, 2009

ဖုန်းကလေးသာဆက်လိုက်ပါ

အင်း…….ဘလော့ကတော့ လျှာရှည်ပြီးထောင်ပြီးသွားပြီးပြီ။ ဘလော့ထောင်ပြီးမှပဲ အချိန်ကတမင်သက်သက်ညစ်နေသလား အောက်မေ့ရတယ်။ အချိန်အချိန် ဘယ်တွင်းထဲက နိုက်ရပါ့မလဲနော်။ စာမရေးဖြစ်သေးတာက အခုတလော လုပ်ငန်းတစ်ခုလုပ်ဖို့စဉ်းစားနေလို့ပါ။ အချိန်လုလုပြီး ပို့စ်အသစ်တင်တင်နေရတဲ့ ဘလော့သမားများကို ကြည့်ပြီး အကြံပေါ်လာလို့ အကောင်ထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တာပါ။ စိတ်ဝင်စားသူများကိုလည်း ရှယ်ရာဝင်ဖို့ဖိတ်ခေါ်ပါတယ်။ (မှတ်ချက်။ ။ အခုတလော economic crisis ဆိုတော့ ကိုယ့်ဘက်မှာ သေချာတာတစ်ခုခုတော့ ရှိသင့်တာပေါ့ ဟုတ်ဖူးလား……) dividend အနေနဲ့တော့ ၁၄၀% ပေးမယ်လို့ရည်ရွယ်ထားပါတယ်။ နောက်ပိုင်းလုပ်ငန်းတိုးတက်ရင် တိုးတက်သလို တိုးပေးဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်။ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါ။ သြော် အရေးကြီးတာပြောဖို့မေ့နေတယ်။ အဓိကလုပ်ငန်းကတော့ connector လို့ခေါ်တဲ့ electronic ပစ္စည်းတစ်ခု တီထွင်မလို့ပါ။ သူ့ရဲ့ အလေးချိန်ကတော့ 14.4 kg ပဲ လေးပါတယ်။ အလျားကတော့ ၃ လက်မ နှင့် အနံကတော့ ၂ လက်မသာရှိတဲ့ memory chip တစ်ခုဖြစ်ပါတယ်။ သူ့မှာ artificial intelligence လို့ခေါ်တဲ့ မှတ်ဥာဏ်အတု ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ wireless အဖြစ်အသုံးပြုနိုင်တဲ့အတွက် သွားလေရာနေရာ မှာ အလွယ်တကူယူသွားနိုင်မှာဖြစ်ပါတယ်။ မိုးစိုခံမည့် မိုးကာသားအားလည်း အပေါ်မှ တစ်ထပ်အုပ်ထားမှာ ဖြစ်လို့ နေပူပူ မိုးရွာရွာစိတ်မပူရတော့ဘူးပေါ့။ ဘက္ထရီအတွက်လည်း မပူရအောင် နေ့မှာဆို နေစွမ်းအား၊ ညမှာဆို လျှပ်စီးမီးစွမ်းအားကိုအသုံးပြုပြီး အလုပ်လုပ်နိုင်အောင် စီမံထားပါတယ်။ တကယ်လို့ နေ့အလင်းရောင်၊ လျှပ်စီးမီးရောင်မရှိတဲ့ နေရာမျိုးမှာ ၁၀နာရီကြာ သုံးခံနိုင်မဲ့ storage ပါထည့်သွင်းပေးထားမှာပါ။ ထူးခြားချက်မှာ ထိုပစ္စည်း သည် သူ့အား ပထမဆုံး စသုံးမည့် လူ၏ အလုပ်ကိုပဲလုပ်ပေးမှာ ဖြစ်တယ်။အသုံးများသော ဘာသာစကားကြီး ၁၀၀ကျော်ကို လိုသလို လှည့်၍ သုံးနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးသော မြန်မာစကားအားလည်း ထည့်သွင်းသုံးနိုင်မည့် စက်ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ cost management ရဲ့ report တစ်ခုအရ US $ 200 လို့ အကြမ်းဖျင်းလျာထားပါတယ်။ blog member များဆိုလျှင် အထူး discount ပေးမှာဖြစ်ပါတယ်။ စက်ရုံ ကိုတော့ လုပ်အားခ နည်းတဲ့ မလေးရှားမှာ ထောင်ဖို့ စီစဉ်ထားပါတယ်။ မြန်မာလုပ်သားများအားလည်း မလေးရှားနိုင်ငံမှာ wp နှင့် အလုပ်ခေါ်ဖို့ မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေးက လူကြီးတွေနှင့် စကားပြောဆိုပြီးပါပြီ။ စင်င်္ကာပူနိုင်ငံမှာတော့ representive company အဖြစ်ပဲ တည်ထောင်လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ ၁နှစ်စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၀ ဒီဇင်ဘာမှာ ISOအသိအမှတ်ပြု လက်မှတ်လျှောက်ပါမယ်။ ISOလက်မှတ်ကျသည်နှင့် ကမ္ဘာတစ်ဝှမ်းအားစတင် ဖြန့်ချီတော့မှာဖြစ်ပါတယ်။ အသေးစိတ် သိချင်လျှင် ဖုန်းနံပါတ် ******** သို့ ၂၄နာရီလုံး စုံစမ်းနိုင်ပါသည်။မြန်မာနိုင်ငံမှ customerများအတွက် လိပ်စာ ဘလာ ဘလာ သို့လူကိုယ်တိုင်သော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း စုံစမ်းနိုင်ပါသည်။
စက်၏ အဓိက ဖန်ရှင်မှာ လူ၏ဦးနှောက်နှင့် ကွန်ပြူတာကို တိုက်ရိုက်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ လူ၏ဦးနှောက်ကစေခိုင်းသည်နှင့်တပြိုင်နက် ကွန်ပြူတာအား အလိုအလျှောက် ပွင့်စေကာ ခေါင်းထဲ၌ ရှိသောစာများအား ကွန်ပျူတာရှေ့ထိုင်စရာမလိုဘဲ မော်နီတာပေါ်မှာ ရိုက်ထုတ်ပေးမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ရင်းနဲ့ဖြစ်ဖြစ်။ အိပ်ရင်းနဲ့ဖြစ်ဖြစ် ကိုယ်ရေးချင်တဲ့ အရာတွေကို ကွန်ပြူတာမှာ စာစီပေးမဲ့ စက်ကလေးပါ။ ကဲ စိတ်ဝင်စားပြီဆိုရင် ဖုန်းကလေးသာ ဆက်လိုက်ပါ……………………………………

Tuesday, July 7, 2009

မြတ်လှကျောင်းအလှူ

လူနတ်ဘ၀၊ သန္ဓေရ၊ မြတ်လှကျောင်းအလှူ။
တိုက်တာဗိမာန်၊ မြင့်စွာစံ၊ ပိုင်ရန်ကျောင်းအလှူ။
ကြောက်သွေးမရှိ၊ ရဲရင့်ဘိ၊ မြတ်၏ကျောင်းအလှူ။
တိရစ္ဆာန်၊ သရဲဘေး၊ ရန်မှောင့်ဝေး၊ ငြိမ်းအေးကျောင်းအလှူ။
အိမ်မက်လှလှ၊ မြင်မက်ရ၊ ကောင်းလှကျောင်းအလှူ။
သူငယ်မပြန်၊ သတိမှန်၊ ရရန်ကျောင်းအလှူ။
မြတ်ရဟန္တာ၊ နိဗ္ဗာန်သာ၊ စံရာကျောင်းအလှူ။

စင်္ကာပူနိုင်ငံသို့ မကြာသေးမီကမှ ၀ါဆိုရန် ကြွလာသော ကော့သောင်းဆရာတော်တစ်ပါး၏ ဆုံးမစာလေးပါ။
ဆရာတော်၏ ဘွဲ့တော်မှာ ဒေါက်တာ အရှင်ဇယတိဿဖြစ်ပါသည်။ ဆရာတော်သည် အစက Choa Chu Kang ရှိ ဘဘကြီးတစ်ဦး၏နေအိမ်၌ သီတင်းသုံးနေသော်လည်း ထိုဘဘကြီးတို့သည် August လ၌ အိမ်ပြောင်းမည်ဖြစ်သောကြောင့် ဆရာတော်သည် ကျွန်မတို့ နေထိုင်သော Bukit Gombak တွင်လာရောက်၍ အိမ်ငှားကာ ကျောင်းထိုင်နေသော ဆရာတော်တစ်ပါးလည်း ဖြစ်ပါသည်။
ဆရာတော်နှင့်စသိပုံမှာ တစ်နေ့သော သောကြာနေ့၌ အဒေါ်ဖြစ်သူသည် ဘုန်းကြီးကျောင်းသွားမည် လိုက်ချင်လိုက်ခဲ့ကြဟု ခေါ်လာပါသည်။ စင်္ကာပူရောက်သည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သော်လည်း မည့်သည့်ဘုန်းကြီးကျောင်းကိုမှ မရောက်သေးပါ။ (မှတ်ချက် ။ ။ သင်္ကြန်တွင်း Eunos ကျောင်းတွင် မုန့်သွားစားခဲ့သည်မှလွဲ၍)အကြောင်းမတိုင်ဆိုင်သေး၍လည်း ပါမည်။ သွားမည်ဟုမှန်းထားရုံ ရှိသေး တစ်ခုခုပေါ်လာကာ ပျက်စမြဲပင်။ ထို့ကြောင့် ထိုနေ့၌ အားရ၀မ်းသာစွာဖြင့် ဘုန်းဘုန်း၏ ယခင်ကျောင်းအား လိုက်သွားမိပါတော့သည်။
ကျောင်းသို့ရောက်သောအခါမှ ဆရာတော်သည် မကြာမီကျောင်းပြောင်းမည်ဖြစ်ကြောင်း သိခဲ့ရသည်။ ထိုနေ့၌ ဆရာတော်အား ၀ါတွင်းသုံးလလုံး၌ မည့်သည့်နေရာကိုမှ ကြွခွင့်မရှိသည်မှာ မှန်ပါသလားဟု လျှောက်ခဲ့ရာ ဆရာတော်က ၀ါတွင်းသုံးလ၌ ဘုန်းကြီးများသည် မူလသီတင်းသုံးသောနေရာမှ တခြားတစ်နေရာကို သွားရောက်၍ သီတင်းသုံးခွင့်ရှိပါသည်။ သို့သော် (၇) ရက်မြောက်သောနေ့၌ ယခင်ဝါဆိုခဲ့သောနေရာသို့ ပြန်လည်လာရောက်၍ သီတင်းသုံးရသည်ဟု မိန့်ကြားခဲ့ပါသည်။ ထိုသို့ တစ်နေရာတည်း၌ သီတင်းသုံးခြင်းသည် ဘုန်းကြီးများအတွက် ကထိန်အကျိုးကို ခံစားခွင့်ရှိသည်ဟု ဆိုပါသည်။ ကထိန်အကျိုးကို ခံစားခွင့်ရှိသည်မှာလည်း ကာလအပိုင်းအခြားတစ်ခုသာ ဖြစ်သည်ကိုလည်း မှတ်သားခဲ့ရပါသည်။
ဆရာတော်သည် ကျွန်မတို့သွားရောက်ခဲ့သော နေ့၌ပင် ပွဲစားတစ်ဦးနှင့် စာချုပ်ချုပ်ဆိုကာ ယခုကျောင်းတည်ထားသော ဤအိမ်လေးအား ငှားရမ်းခဲ့ကာ နောက်တစ်နေ့၌ ကျောင်းပြောင်းလာပါတော့သည်။ကျောင်းအသစ်သို့သွားရောက်ကာ ဆရာတော်အား ဆွမ်းသွားပို့သော အဒေါ်နောက်သို့ ကျွန်မတို့ ညီမနှစ်ယောက်လိုက်ရာမှ ဘုန်းဘုန်းနှင့်စကားစပ်မိကာ ဘုန်းဘုန်းက မြန်မာစာရိုက်တတ်လားဟုမေးလာပါသည်။ မကြာသေးမီက ကျင့်ထားသော မြန်မာစာအား နှစ်ယောက်သားတိုင်ပင်ကာ ဖြည်းဖြည်းနှင့် တစ်လုံးခြင်းရိုက်ရပါတော့သည်။ ထိုရိုက်ပေးခဲ့သော စာများအား ဘုန်းဘုန်း၏ ကျောင်းဖွင့်ပွဲ၌ လက်ကမ်းစာစောင်အဖြစ် ဝေကြောင်းကို ထိုကျောင်းဖွင့်ပွဲနေ့ရောက်မှ သိခဲ့ရသည်။ ဆရာတော်က သူငယ်ချင်းများရှိရင် ခေါ်ခဲ့ဟုပြောသဖြင့် မနက်ကရောက်ခဲ့ပြီးသော ကျောင်းလေးအား ဒုတိယအကြိမ် သူငယ်ချင်းများနှင့်ထပ်သွားခဲ့မိရာ နှစ်ခေါက်လာစားသော ကလေးမများဟု နာမည်တွင်သွားလေတော့သည်။
ဆရာတော်သည် ယခုအခါ တရားဓမ္မများအား ဟောကြားလျှက်ရှိပါသည်။ စနေနေ့၌ ဓမ္မာစင်္ကြာအသင်းရှိသည်ဟုလည်းသိခဲ့ရပါသည်။ တနင်္ဂနွေနေ့တွင် ပဌာန်းတရားမြတ်၏အနက်အား လည်းဟောကြားမည်ဖြစ်ကြောင်းသိခဲ့ရပါသည်။ စင်္ကာပူရောက်မြန်မာများအားလည်း ကုသိုလ်ရေးမို့ လက်မနှေးပြောချင်ပါသည်။ ထို့ကြောင့် ဒီပို့စ်အား တင်ရန်ဆုံးဖြတ်လိုက်သည်။ ဘုန်းဘုန်း၏လိပ်စာမှာ....
Sayataw Dr.Ashin Jayatissa
#04-376, Blk 372,
Bukit Batok St 31
Opp. Bukit Gombak MRT
ph : 9120 2695 ဖြစ်ပါသည်။ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လာရောက်၍ တရားပြပေးသောဆရာတော်၏ ကျောင်းအသစ်လေးအား အဓွန့်ရှည်တည်တံ့ဖို့အတွက် တဖက်တလမ်းက ပါဝင်ကုသိုလ်ယူကြအောင်လား..................



Tuesday, June 30, 2009

အားအင်သစ်

အခန်း(၁)
အဲ့ဒီနေ့က မိုးမရွာခဲ့ပါ။
ကျွန်မ ဒီလိုရက်မျိုးကို တစ်နေ့နေ့ကြုံမှာ သိသော်လည်း ကျွန်မဆီသို့ ဒီလောက်မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါ။ ကံကြမ္မာလေရူးက ကျွန်မထံသို့ တည့်တည့်မတ်မတ် ရိုက်ခတ်လေပြီ။ အသက်၂၆နှစ်ရှိပြီဖြစ်သော ကျွန်မအတွက် ဒီအဖြစ်ဆိုးသည် ကမ္ဘာပျက်သလိုပဲ။ ခိုနားရာရင်ခွင်တစ်စုံကို လက်လွှတ်ဆုံးရှုံးခဲ့ရလို့ပါပဲ။ ဟုတ်တယ်။ မောင်…………ကျွန်မရဲ့ တစ်ဦးတည်းသော အားကိုးရာ၊ချစ်လှစွာသော မောင်၊ အခုတော့ ကျွန်မအနားမှ မောင်ထာဝရထွက်ခွာသွားလေပြီ…………………………….
မောင်နဲ့ စတွေ့တုန်းကမောင်က Botany ကျောင်းသား၊ ကျွန်မက Eco ကျောင်းသူ၊ ကျွန်မ၏ သူငယ်ချင်းအရင်း သီတာ၏ မိတ်ဆက်ပေးမှုကြောင့် မောင်နှင့်ကျွန်မ သိခဲ့ရသည်။ ကျွန်မတို့ ဒုတိယနှစ်မှာ မောင်နှင့်ကျွန်မ ချစ်သူဖြစ်ခဲ့ကြသည်။
“မောင် ခေတ်အနားက ဘယ်တော့မှခွဲမသွားနဲ့နော်။” မောင်ရင်ခွင်ထဲ ခေါင်းအပ်ပြီး တီတီတာတာပြောခဲ့ဖူးသည်။
“ခွဲမသွားပါဘူးခေတ်ရဲ့၊မောင်ကခေတ်အနုားမှာခေတ်ဆံပင်တွေဖြူ၊၀၀တုတ်တုတ်ကြီးဖြစ်သွားတဲ့ အထိအတူတူနေမှာ။”
“နေပါအုံး ဆံပင်ဖြူတာတော့ဟုတ်ပါပြီ။ ခေတ် အသက်ကြီးလာရင် ၀မယ်လို့ ဘာလို့ကြိုပြောနိုင်တာလဲ။”
“ဟင်း ဟုတ်တယ်လေ သမီးလိုချင်ရင် အမေကိုကြည့်ရတယ်တဲ့ အခုခေတ်ရဲ့ အမေကိုကြည့်ပါလား။ ခေတ်ဆိုရင်ပိုဆိုးမယ်။ဟားဟား……….ဟား”
“သွား…………….. ဘာမှန်းမသိဘူး။” ခေတ်မောင့်ကို လက်သီးဆုပ်လေးနှင့်အသာထုလိုက်သည်။ ချစ်သူနှစ်ဦးရဲ့ ရယ်သံပျံ့လွင့်သွားသည်။
အခန်း(၂)
ဟုတ်တယ် မောင်အဲ့ဒီတုန်းက ကတိပေးခဲ့တယ်။အသက်ကြီးသွားလည်း အတူတူနေမယ်လို့။အခုတော့ နုပျိုဆဲဖြစ်သော ခေတ်နှင့် ၅နှစ်သာသာရှိသေးသော သားလေး နီတာအား ချန်ရစ်ပြီး လူ့ဘ၀ကို အပြီးအပိုင်နုတ်ဆက်လေပြီ။
“မောင် ဒီလိုဆို ကတိမတည်တာပဲ မေမေ။ သူသမီးကိုပေးထားတဲ့ ကတိမတည်ဘူးမေမေ။ သူသမီးအနားကနေပြီး ဘယ်မှထွက်မသွားဘူးတဲ့၊ အသက်ကြီးတဲ့အထိအတူတူနေမယ်တဲ့။ သားကိုလည်း ရှင်ပြုပေးရအုံးမယ်။ သူလုပ်စရာတွေအများကြီးကျန်သေးတယ်။ သူမသေသေးဘူးမို့လားမေမေ ပြောပါမေရဲ့ သမီးကိုပြောပါ။”ဆရာဝန်များက မောင်ဦးနှောက်သေသွားပြီဟု ပြောသောအချိန်၌ ကျွန်မအမေ့ကို တီးတိုးပြောသော စကားဖြစ်သည်။
“သမီးငိုချင်ငိုချလိုက်လေ အောင့်မထားနဲ့လေ။ သေတဲ့လူကသေပြီပဲ။”
“ဟင့်အင်းမဟုတ်ပါဘူး မောင်မသေသေးဘူး။ မောင်အသက်ရှိသေးတယ်။ မောင့်နှလုံးခုန်သံ သမီးကြားသေးတယ်။ သူမသေသေးဘူး။ ဆရာဝန်တွေအပြောမှားတာမို့လား။ သူတို့လူနာမှားပြီးပြောတာပါ။ မောင့်အသက်ရူသံတောင် သမီးကြားနေရသေးတာကြီးကို”
မေမေသည် ပူဆွေးနေသောကျွန်မအား ပွေ့ဖက်၍ နှစ်သိမ့်ပေးရှာသည်။ မေမေသည် မောင့်အားမနှစ်သက်ခဲ့ပါ။ မောင်နှင့်လက်ထက်မည် ပြောတုန်းက အပြင်းအထန် ကန့်ကွက်ခဲ့သူမှာ မေမေဖြစ်သည်။
“နေပါအုံး သူကဘာအလုပ်လုပ်နေတာလဲ” မေမေက အသံမာမာနှင့် ခေတ်အားမေးသည်။
“သူ့အိမ်ကတော့ ၀န်ထမ်းလုပ်ခိုင်းတာ သူ ကတော့ အလုပ်ကထွက်ပြီး အပြင်စီးပွားရေးလုပ်နေတယ်မေ” ခေတ်မပြောရဲပါ မောင်အလုပ်ကထွက်လို့ မောင့်မိဘများက အမွေစွန့်လွှတ်ထားကြောင်း မပြောရဲပါ။ ဒါပေမယ့်လည်းတနေ့နေ့တွင်သိမည့် အမှန်တရား…..
“ဘယ်မှာလည်း ညည်းအကောင်က မိဘဖြစ်သူကတောင် မိုက်လွန်းလို့ စွန့်လွှတ်ထားတာကို ညည်းနဲ့အေ မြွေပွေးခါးပတ်ပတ်ချင်နေသေးတယ်။”ဒီစကားသည် ခေတ်ခိုးရာလိုက်ပြေးမည့်ည တွင် မေမေပြောခဲ့သောစကားဖြစ်သည်။
ခေတ် မိဘစကားအားလွန်ဆန်၍ မောင့်နောက်လိုက်ခဲ့သည်။ မိဘများသဘောတူ၍ လက်ထက်ခဲ့သော လက်ထက်ပွဲမဟုတ်သဖြင့် မစည်ကားခဲ့ပါ။ တရားရုံးမှာတင် အသိသက်သေနှင့် လက်မှတ်ရေးထိုးခဲ့ရသည်။ ခေတ်ငယ်စဉ်က မက်ခဲ့ဖူးသော ဂါဝန်အဖြူကြီးလည်း ကြက်ပျောက်ငှက်ပျောက်။
အခန်း(၃)
“မောင် ခေတ်တို့ ဒီငွေကိုပဲ သုံးရအောင်ပါနော်” မေမေပေးထားသော စိန်နားကပ်အားပေါင်နှံ၍ မောင့်လုပ်နေသော လက်ဖက်ခြောက်လုပ်ငန်းတိုးချဲ့ဖို့အတွက် ပေးလိုက်မိသည်။ မိဘအမွေဖြစ်၍ စိတ်မကောင်းသော်လည်း နောက်ပြန်ရွေးမယ်ဟု အားတင်းပြီး ပေါင်လိုက်ရသည်။ မေမေသိရင်ဘာပြောမလဲ မသိ။ သေချာသည်မှာ ခေတ်တို့လောက် မချမ်းသာသော မောင်တို့မိသားစုအသိုင်းအ၀ိုင်းထဲ ဆွဲခေါ်သွားသောမောင့်အား နာကြည်းနေလိမ့်မည်။
“မိဘအမွေ ပစ္စည်းဆိုတာ မပျောက်ပျက်ကောင်းဘူး ခေတ်ရဲ့”မောင်က သက်ပြင်းရှည်ကြီးချပြီးပြောသည်။
“မောင်ကလည်း ဒါခဏ သိမ်းထားတဲ့သဘောပါမောင်ရဲ့၊ ခေတ်ဆီမှာထားရင် ပျောက်ချင်ပျောက်မှာ။ ပြီးတော့ ခေတ်ကမောင့်နောက်လိုက်နေမှာဆိုတော့ ပစ္စည်းဆိုတာ လမ်းမှာဆို အန္တရာယ်ကများတယ်” ခေတ်စကားကိုမောင်လွန်ဆန်၍မရတော့သည့်အဆုံး မောင်ခေါင်းညိတ်လိုက်ရသည်၊၊
ခေတ်နှင့်မောင် အတူတူ ရှမ်းပြည်သွား၍ လက်ဖက်ခြောက်ဒိုင်တွေဆီမှာ လိုက်၍ လက်ဖက်ခြောက်ဝယ်ကာ ရန်ကုန်သို့ပို့သည်။ ကျောင်းနေဖက် သူငယ်ချင်းဆီမှလည်း လက်ဖက်ခြောက် အကြွေးနှင့် ယူလို့ရသေးသည်။ ပြီးတော့ လမ်းသွားရင်းခင်ခဲ့သော ဦးလေးကြီး၁ယောက်ဆီမှလည်း ပိုက်ဆံအကူအညီရခဲ့သည်။
“မင်းတို့လင်မယားနှစ်ယောက်ကို ဦးကသဘောကျတယ်ကွ။ အလုပ်လုပ်ချင်စိတ်လည်း ရှိတယ်။ ကြိုးလည်းကြိုးစားကြလို့ ဦးက ကူညီတာကွ။ ဒါပေမယ့် အလကားတော့မရဘူး။ မင်းတို့ဦးကို အတိုးတော့ ပြန်ပေးကွ ဒါမှအလုပ်သဘောဆန်မှာ” ထိုဦးလေးကြီးက သူ့အကျင့်အတိုင်း မျက်မှောင်ကြီးကုပ်ပြီး ပြောသည်။
ထိုစကားကြားတော့ ခေတ်အရမ်းပျော်သွားသည်။ ခေတ်တို့မိဘတွေ စကားနားမထောင်ဘဲ ဇွတ်လုပ်ခဲ့ကြသော်လည်း ကျေးဇူးမမေ့ခဲ့သော်ကြောင့်ပင်ဖြစ်လိမ့်မည်ဟု တွေးခဲ့သော်လည်း နောက်ပိုင်း သားနီတာမွေးပြီးချိန်တွင် ထိုဦးလေး၏ ပြန်ပြောပြမှုကြောင့် မေမေတို့က အရင်းအနှီးလုပ်ရန် ငွေကို တဖက်လှည့်နှင့်ပေးခဲ့ကြောင်းသိခဲ့ရသည်။ ခေတ်မေမေတို့အပေါ် ပြစ်မှားမိတာရှိခဲ့ပါက ခွင့်လွှတ်ပေးပါမေမေ။
အခန်း(၄)
“မောင် ခေတ်တို့ဆီ လူတစ်ယောက်က လာချင်လို့တဲ့ ခွင့်တောင်းနေတယ်။ ဘယ်လိုလုပ်မလဲ။” ခေတ်ထိုနေ့က သနပ်ခါးရေကျဲလေးကို ပါးမှာလိမ်းကာ မောင်အားမေးခဲ့သည်။မောင်က အစကတော့ သဘောမပေါက်။ နောက်မှ ခေတ်အား အသာအယာ ခေါင်းကိုလက်ဖြင့်ထုကာ လူရှုပ်မလေးဟု ပြောခဲ့သည်။
“မောင် သားလေးလိုချင်လား၊သမီးလေးလိုချင်လား”ဟုမေးတော့ မောင်နဲ့တူတဲ့ သားလေးပဲမွေးပေးပါတဲ့လေ။ ခေတ်ကသမီးလိုချင်တယ် ဒါမှအကူရမှာဆိုတော့ မောင်က သမီးဆိုရင် ခေတ်နဲ့တူပြီး ခိုးရာလိုက်ပြေးရင် ဘယ်လိုလုပ်မလဲတဲ့လေ။ ကြည့်ပါလား ပြောပုံကိုက။ အဲဒီနေ့က မောင်ကို ခေတ်စကားမပြောတော့ပါ။ နောက်တော့မောင်ကလာချော့ပါတယ်။
“သမီးဖြစ်ဖြစ်၊သားဖြစ်ဖြစ် မောင်ကချစ်မှာပါ။ ကိုယ့်သားသမီးကို မချစ်တဲ့မိဘဘယ်မှာရှိလို့လဲ။ ပြီးတော့ခေတ်နဲ့တူလို့ခိုးရာလိုက်ပြေးမယ်ဆိုလည်း မောင်လိုလူမျိုးနဲ့လိုက်ပြေးရင်တော့ စိတ်ချပါတယ်” လို့ပြောတော့ ခေတ်ကဘယ်နေနိုင်ပါတော့မလဲ ရယ်လိုက်မိရော။ မောင့်ဆန္ဒပြည့်ခဲ့ပါတယ်။ သားလေးနီတာကို ခေတ်မွေးခဲ့သည်။ မွေးခန်းထဲကထွက်လာတော့ စိုးရိမ်စိတ်တွေနဲ့ မေမေ…………..
အခန်း(၅)
ရေမွှာပေါက်သွားကာ သွေးတွေနှင့်လဲနေသော ကျွန်မအားဆေးရုံအရောက်တွင် မေမေသည် ရေချိုးနေစဉ် မောင့်ထံမှ ဖုန်းရသောကြောင့် ခေါင်းတောင်ခြောက်အောင် မသုတ်နိုင်ပဲပြေးလာခဲ့သည်ဟု မောင်ပြော၍ သိခဲ့ရသည်။ ထိုအချိန်မှစ၍ မေမေနှင့်ကျွန်မတို့ ပြန်၍ ပြေလည်ခဲ့ကြသည်။ နောက်ပိုင်းမေမေသည် မောင်နှင့် ပတ်သက်ပြီးဘာမှမပြောတော။သူ့သမက်အား စိတ်ချသွား၍လည်း ပါမယ်။
သားလေးမွေးပြီးနောက် ကျွန်မတို့စီးပွားရေးလည်းပြေလည်ခဲ့သည်။ ယူထားသောအကြွေးများလည်း ပြန်၍ ဆပ်နိုင်ခဲ့သည်။ ပေါင်ထားသောနားကပ်လေးအားလည်း ပြန်ရွေးခဲ့သည်။ အပိုစုဆောင်းမိ၍ မောင်က ကျွန်မ ၂၄နှစ်မြောက်တွင် သားနှင့်မောင့်နာမည်ထိုးထားသော ဆွဲကြိုးတစ်ကုန်းအား လက်ဆောင် ပေးခဲ့ဖူးသည်။
မောင့်နောက်တကောက်ကောက်လိုက်နေသောကျွန်မ သားမွေးပြီးသည်နှင့် ကျွန်မမောင့်နောက်လိုက်ခွင့်မရတော့။
“ခေတ်လိုက်ချင်လိုက်တာမောင်ရယ်”လို့ပြောတော့ မောင်က “သားကငယ်သေးတယ်လေ ခေတ်ရဲ့ မောင်လည်းခေါ်ချင်တာပေါ့”
“ဒါဆိုလည်းခေတ်တို့ သားကိုပါခေါ်မည်လေ မောင်ရဲ့”
“ခေတ် ဒါဟာ စ စရာမဟုတ်ဘူးနော်။ လမ်းခရီးအဲလောက်ကြမ်းတာကို ခေတ်က ဘာလို့သားကိုပါခေါ်ချင်နေရတာလဲ” မောင်ကိုမောင်လည်းသိလိမ့်မည် မောင်တစ်ခါမှ ခေတ်ကိုအသံမာမာနှင့်မပြောဘူးမှန်း “သားကငယ်သေးလို့ပါကွာ ခေတ်ကလည်း ပြီးတော့သားကမောင့်ကိုယ်ပွား သားကိုဘယ်နည်းနဲ့မှ အဆုံးအရှုံးမခံနိုင်လို့ပါကွာနော်” ဒီလိုပြောတော့ ခေတ်ကပဲ လူဆိုးမကြီးကျနေတာပဲ။ ဟွန်း………….. တတ်လည်းတတ်နိုင်တယ်။
အခန်း(၆)
“ကုန်တွေ အ၀င်နောက်ကျ ကျနေတာမောင်တော့ သိပ်သဘောမကျဘူးကွာ” မောင်နှင့်စကားပြောခဲ့သော အဲဒီညသည်နောက်ဆုံးမှန်းသိရင် ခေတ်မောင့်ကို ဒီခရီးသွားဖို့ အပြင်းအထန်ကန့်ကွက်မိလိမ့်မယ်ထင်သည်။ “မောင်မနက်ဖြန် ရှမ်းပြည်သွားမယ် ခေတ်” မောင်သွားမည်ဆိုသောကြောင့် ခေတ်ထိုညကြီး မောင့်အတွက် ပြင်ဆင်စရာရှိတာများပြင်ပေးရသည်။
ခေတ်သိသည်။ အဲဒီနေ့က ခေတ်နေလို့မကောင်းခဲ့။စိတ်ထဲမှာ တမျိုးကြီး။ မနက်က သောက်တော်ရေလဲတော့ သောက်တော်ေ၇ခွက် ကျကွဲသည်။ နမော်နမဲ့နိုင်သော မိမိကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည်။ နေ့လည်ခင်းကျတော့ မောင့်ဆီကဖုန်းမျှော်နေမိသည်။ ဘယ်နေရာရောက်ရောက် ဖုန်းဆက်လေ့ရှိသောမောင် အခုအချိန်ထိဖုန်းမဆက်သေး၍ စိတ်ပူမိ၍ မေမေအိမ်သို့ သွား၍ နေမိသည်။ ညနေအထိဖုန်းမလာသေး။ မောင်ဆိုရင် အိမ်ဖုန်းဆက်လို့ ခေတ်မရှိရင် မေမေ့ဆီဆက်မှာသေချာတယ်။ ဘုရား ဘုရား မောင်ဘာမှမဖြစ်ပါစေနဲ့...
“ဟုတ်ကဲ့ မ ခေတ်နွေပါလားခင်ဗျား။ ဒီမှာ ကိုသက်ငြိမ် ကား accident ဖြစ်လို့ အဲဒါ ဆေးရုံတင်ထားရပါတယ်ခင်ဗျား”
ကျွန်မ မောင်ရှိရာ မန္တလေးဆေးရုံကြီးသို့ ရရာကားနှင့်လိုက်ခဲ့သည်။ မောင်သည် ကျွန်မရောက်လာသည်အထိ ပြန်မလည်သေး။ တကယ်ဆို မောင်သတိရဖို့ကောင်းပြီ။ မေမေနှင့်သားလည်း နောက်နေ့တွင် လိုက်လာကြသည်။ ခေတ်ရောသားရော မောင့်ဘေးမှာရောက်နေပြီလေ။ မောင်သတိရပါတော့……………………
ကျွန်မဆုတောင်းမပြည့်ခဲ့ပါ။ ဆေးရုံတင်ပြီး ၁ပတ်ပြည့်တွင် ဆရာဝန်များက ဦးနှောက်သေပြီဟု သတ်မှတ်လိုက်ကြသည်။ ကျွန်မနှင့်သားလေးအား သူစိတ်ချလက်ချထားကာ သွားလေပြီ။ ကျွန်မ ကံကိုပဲ အပြစ်တင်ရမှာလား။ ဘာကိုအပြစ်တင်ရမှန်း ကျွန်မမသိတော့။ ငိုထားလွန်း၍ မျက်စိများအစ်ထနေပြီ။
“သမီးသတိထားအုံးလေ။ သမီး …သမီး” မောင့်မြေချအပြီး ကျွန်မကြားလိုက်သော မေမေ့၏အသံ ထိုနောက် ကျွန်မကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်သွားသည်……………………..
အမှောင်ထုထဲ ကျွန်မလမ်းလျှောက်နေသည်။ မဆုံးနိုင်တဲ့ခရီး ကျွန်မကိုယ်တိုင် ဘယ်ရောက်နေမှန်းမသိတော့ ရေလည်းဆာလှပြီ “ဒါဘယ်နေရာပါလိမ့် မောင်ရော ဘယ်မှာပါလိမ့်။ တွေ့ပြီ ဒါမောင်ဟုတ်ပါတယ် မှတ်မိတာပေါ့ ခေတ်ကောင်းကောင်းမှတ်မိတယ် မောင်မှမောင်အစစ်။ မောင်ကရော ဘယ်သွားနေတာလဲ နောက်မှာခေတ်ပါတယ်လေမောင်ရဲ့ စောင့်ပါအုံးခေတ်ကို။ ဟုတ်ပါရဲ့ ငါကလည်းမေ့နေလိုက်တာ အော်ခေါ်လိုက်ရင်ရတာပဲ” ခေတ်တစ်ဦးတည်း ရေရွတ်ကာ မောင်ဟုအော်ခေါ်လိုက်သည်။ မောင်လှည့်ကြည့်တယ် ဒါပေမယ့် မောင့်အကြည့်တွေက စိမ်းလိုက်တာ။ မောင်ကမေးတယ် သားရောတဲ့။ ဟုတ်ပါရဲ့ သားရော ဘယ်မှာလဲ။ နောက်တော့မောင်ကပြောတယ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သားကိုစောင့်ရှောက်ပါတဲ့လေ။ ခေတ်ဘာမှမပြောနိုင်တော့ ခေါင်းငိုက်စိုက်ကာ သားကိုငါမစောင့်ရှောက်နိုင်လို့ မောင်ငါ့ကိုမုန်းသွားပြီးလားဟု တွေးနေတုန်း မောင်ပျောက်သွားတယ်။ ခေတ်အကျယ်ကြီး အော်လိုက်တယ် “မောင်……………….”
”သမီး…. သမီးသတိရလာပြီလား” မေမေ၏ ဂရုဏာအသံစွက်နေတဲ့ မျက်နှာ၊ သားလေး၏ အပြစ်ကင်းသော မျက်နှာ၊ မောင်၏ နောက်ဆုံးစကား ”ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သားကိုစောင့်ရှောက်ပါ” ခေတ်ခေါင်းထဲနောက်နေသောကြောင့် အသာမျက်စိပိတ်လိုက်ကာ စဉ်းစားလိုက်သည်။ ထို့နောက် ခေတ်မျက်စိပြန်ဖွင့်လိုက်သည် တိုးညှင်းစွာဖြစ် လက်ထဲမုန့်ကိုင်ထားသောသားအား ”မေမေ ဗိုက်ဆာလိုက်တာ သားရယ်” လို့ပြောလိုက်တော့ ကျွန်မ၏တည်ငြိမ်သွားသောစိတ်အား အသိအမှတ်ပြုသော အားလုံး၏ သက်ပြင်းချသံ၊ ဟိုးအဝေးတစ်နေရာက ကြည့်နေမယ့်မျက်ဝန်းတစ်စုံ။မှတ်မှတ်ရရ အဲဒီနေ့က မိုးမရွာခဲ့ပါ။

ပထမခြေလှမ်း

ဘလော့ကို စိတ်ဝင်စားတာကြာပြီဖြစ်သော်လည်း တစ်ခါမှ လက်တွေ့အကောင်အထည်မဖော်နိုင်သေးပါ။ စင်င်္ကာပူ ရောက်ခါစတွင် ဘလော့အကောင့်တစ်ခုကိုဖွင့်မည်ဟုစဉ်းစားကာ (freeဆိုလို့လေ) စမ်းကြည့်မိသော်လည်း ပထမအဆင့်မှာတင် englishစာသေးသေးလေးများမြင်ကာ လန့်ဖြန့်ပြီး လက်လျော့လိုက်၍ မအောင်မြင်ခဲ့ပေ။ နောက်တော့ အမအသိတစ်ယောက်၏ မိတ်ဆွေ ဘလော့ဂါတစ်ဦးနှင့်သိကျွမ်းကာ သူ့ဘလော့ကိုဝင်လည်လည်ရင်းကနေ တစ်ခြားဘလော့များသို့ ရောက်ရှိသွားကာ သူတို့၏ အမြင်၊ အယူအဆ၊ အနုပညာဖလှယ်မှုများကို လေ့လာရင်းကနေပြီး အားမရတော့လို့ ကိုယ်တိုင်ဘလော့ဝင်ရေးတယ်ဆိုပါတော့။ ငါဘလော့ရေးတော့မယ်သိလား ငါဘလော့ရေးတော့မယ်သိလားဟု သူငယ်ချင်းတွေကြားမှာ ဟစ်ကြွေးနေတာ ကြာပြီဖြစ်သော်လည်း လက်တွေ့မှာ အကောင်အထည်မပေါ်သေး၍ သူတို့လည်းအခုဆို မေ့နေလောက်ပြီထင်ပါတယ်။ သူတို့ကတော့ပြောပါတယ်။ ရေးပါတဲ့ သူတို့ commentလာပေးပါ့မယ်တဲ့လေ။ ဟုတ်တော့လည်းဟုတ်သား ဘလော့လောကမှာ ရပ်တည်ဖို့ဆိုတာ ကိုယ့်အတွက်အားဆေးဖြစ်တဲ့ feedback တော့လိုသား။ ကိုယ့်ဘ၀အတွက် မှတ်တိုင်တစ်ခုဖြစ်တဲ့ ဒီဘလော့ကိုရေးမယ်ဟု စိတ်ကူးလိုက်တာနဲ့ အဲဒီညမှာအိပ်မပျော်တော့ပါ။ ရောက်တတ်ရာရာတွေးရင်းကနေ ဇာတ်လမ်းတစ်ပုဒ်ခေါင်းထဲဝင်လာ၍ နောက်တနေ့ည၌ စာစရေးပါတော့သည်။ (အဟမ်း အဟမ်း..............) စိတ်ထဲ၌လည်း ငါဒီနေ့ မပြီးရင် မအိပ်ဘူးဟုဆုံးဖြတ်ပြီး ရေးခဲ့ရာ ရေးရင်းရေးရင်းနှင့် ၁၁နာရီခွဲနေပြီကိုပင် သတိမထားမိတော့....(ဇာတ်ရှိန်တက်လာတာ ဇာတ်ရှိန်တက်လာတာ) ကွန်ပြူတာကနာရီကို ကြည့်မိတော့မှ ၁၁ခွဲပြီဆိုတာ မြင်တော့မှ အူယားဖားယား အသည်းအသန် ဘုရားရှစ်ခိုးရပါတော့သည်။ ဘုရားရှစ်ခိုးပြီးပြန်လာတော့ ရေးထားတဲ့စာကို ကြည့်တော့လည်း နဲနဲပဲပြီးသေး၏။ ဘယ်ပြီးပါ့မလဲ မြန်မာစာ typing နှေးရတဲ့ကြားထဲ ပဆင့်တွေမပေါင်းတတ်၍ ဘေးနားကအမကို အကူအညီတောင်းရတာက တစ်ဖုံ၊ gtalkကို ဖွင့်ထားမိ၍ လာရောက်နုတ်ဆက်ကြတဲ့သူငယ်ချင်းတွေက တစ်မျိုး ၊စိတ်ထဲ၌လည်း ဘုရား ဘုရား ငါဒီနေ့တော့အိပ်ရပါ့မလားဟု ရေရွတ်ကာ gtalkမှ သူငယ်ချင်းတိုင်းကို နူတ်ခွန်းဆက်သ နေသောကြောင့်ပင် ဖြစ်သည် ။ မတတ်နိုင်ဘူး ကိုယ့်အပြစ်နဲ့ကိုယ်ပဲဟု အားတင်းကာ ဆက်ရေးမည်ကြံသော်လည်း ဘယ်လိုမှ စိတ်ထည့်လို့မရတော့။ဒီလောက်တောင်ဖြစ်လှတာဆိုပြီး ဇာတ်လမ်းကို အစကနေပြန်ဖတ်ပြီးရေးတော့မှ ဆက်ရေးလို့ရတော့သည်။ ရေးရင်းပြန်ပြင်ရင်းကနေပြီး အားလုံးအချောပြီးတော့ အချိန်က ည၂နာရီထိုးနေပြီ။ ကိုယ့်ပုခုံးကို ကိုယ်ပုတ်ပြီး ငါတယ်တော်ပါလားဟု အားပေးရင်း အိပ်ယာထဲဝင်ခဲ့သည်။ မနက်ရောက်တော့ ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးအား အမအားပေးဖတ်ခဲ့သည်။ ဟီး သူဖတ်နေတုန်းတော့လည်း ရှက်သား ဘာလို့လဲတော့မသိဘူး။ အင်းပေါ့လေ ကိုယ်အကြောင်းမဟုတ်တဲ့ သရုပ်ဖော်စာတစ်ပုဒ်ဖြစ်နေတာကိးု။ အမ၏အားပေးမှုကြောင့် အားတက်သွားကာ မလုပ်ဖြစ်ခဲ့တဲ့ ဘလော့အဟောင်းလေးကို ပြန်လည်ပြုပြင်ရင်း စတင်မွေးဖွားလာတယ်ဆိုပါတော့။ ကဲအားလုံးပြီးသွားတော့မှ သတိရတယ် ဘယ်မှာလဲ စီဘောက်။ သူများတွေလုပ်သလို စီဘောက်။ ငါ့ဘလော့မှာ စာ၂ပုဒ်ပဲရှိသေးတော့ ဘလော့ကြီးက ပြောင်ကြီးဖြစ်နေပါရောလား။ ဟိုက် အဲဒါမှသေရော။ အသိအကိုကြီး ဘလော့ဂါ ဒီနေ့လာပါစေအုံးဟု ဆုတောင်းမိလိုက်တယ်။ ဒါမှငါ့ဘလော့ စီဘောက်နဲ့ စိုပြေသွားမှာမဟုတ်ပါလား.............