ထိုအမှားကြောင့် ကျွန်မအားတဖန်ပြန်၍ သတ်မည်ဆိုလျှင် ကျွန်မနောက်တစ်ခါပြန်၍ သေ၀ံ့သည်။
အခန်း(၁)
အိမ်ရှေ့၌ ချိတ်ထားသော နာရီက တစ်ချက်ချက် မြည်နေသည်။ ညပေါင်းများစွာ မအိပ်စက်ခဲ့သောကြောင့် မျက်လုံးများကျိန်းစပ်နေသည်။ ခေါင်းမဖြီးပဲထားသည်မှာ အတော်ကြာနေပြီဖြစ်၍ အရင်က နက်မှောင်ပျော့ပျောင်းသော ဆံပင်မှာ ရှုပ်ထွေးနေသည်။ ခေါင်းထဲ၌လည်း ရီဝေေ၀ နေ့လား ညလားကိုလည်း ကျွန်မ မခွဲခြားနိုင်။ မနက်ဖြစ်လိမ့်မည်ဟု ကျွန်မထင်သည်။ခန္ဓာကိုယ်အား ငဲ့ကာ အားယူပြီး နာရီကိုတစ်ချက်ကြည့်လိုက်သည်။ အခုမှ မနက်သုံးနာရီရှိသေးသည်။ ကျွန်မအား အမျိုးမျိုးနှိပ်စက်နေသော အတွေးများကို ခဏတာမေ့လိုက်ချင်သည်။ အတင်းကျိတ်မှိတ်ပြီး မျက်စိအားပိတ်လိုက်သည်။ မရပါ။ နာကြည်းမှုများက ကျွန်မရင်ထဲ ပြည့်နှက်နေသည်။ မိုးအမြန်လင်းပါစေတော့ဟု ကျွန်မဆုတောင်းမိသည်။ မနက်မိုးလင်းခဲ့လျှင်…………………………………
ကျွန်မသည် ဒီနေ့ကိုစောင့်နေသည်မှာ ၂လရှိပြီ။ အခုတော့ ဒီနေ့ကိုရောက်လာပြီ။ ကျွန်မကိုယ့်ကိုယ်ကိုမေးမိသည်။ “ငါပျော်ရဲ့လား” လို့။ ကျွန်မထင်သလောက် ပျော်ရွှင်မနေပါ။ ဟုတ်သည်။ဒီနေ့တရားရုံးက နောက်ဆုံး အမိန့်ချမည့်နေ့။ ကျွန်မအတွက် မျှတသောစီရင်ချက်တစ်ခုအား ရုံးတော်ကချပေးမည့်နေ့။ ထို့ကြောင့် ကျွန်မပျော်ရမည်။ မှန်သည်။ ကျွန်မဘာကိုမှ တွန့်ဆုတ်မနေသင့်ပါ။ နောက်ဆုံးတရားစီရင်ချက်ချအပြီးတွင် အောင်နိုင်သူမှာကျွန်မပဲဖြစ်ရမည်။ ကျွန်မသည် ကိုယ်လုပ်ပြီးသောကိစ္စကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ နောင်တ မရတတ်သော အကျင့်ရှိသည်။ အခုတစ်ကြိမ်ရော ကျွန်မနောင်တမရဘဲ နေနိုင်ပါ့မည်လား။ ကျွန်မခေါင်းကို ရမ်းချလိုက်ပြီး “ခင်ငြိမ်းသက် နင်ဘာတွေ တွေဝေနေတာလဲ။ အခုဟာက နင့်ဘက်က ရသင့်တဲ့ လျော်ကြေးကို ပြန်တောင်းနေတာလေ။ သစ္စာမရှိတဲ့သူတွေကို ဒီတိုင်းလွှတ်ထားလို့မှ မရတာ။ နင်မှန်ပါတယ်။”ဟု တကိုယ်တည်း ရေရွတ်ပြီး ကျွန်မ မျက်လုံးကို ကြိုးစားမှိတ်လိုက်ပြီး အိပ်ရန်ကြိုးစားလိုက်သည်။
နာရီလက်တံသည် တရွေ့ရွေ့နှင့်သွားနေသည်။
အခန်း(၂)
“မင်းဟာအကြင်နာတရားခေါင်းပါးတဲ့မိန်းမပဲ” မြတ်စွာဘုရား…….ကျွန်မနားနှင့်ဆက်ဆက်ကြားလိုက်ရသည်ကိုပင် မယုံကြည်ချင်။ထိုစကားများသည် ကျွန်မ၏ ယုံကြည်ရဆုံးသော၊ အတွယ်တာရဆုံးသော ခင်ပွန်းက ပြောကြားနေခြင်းဖြစ်သည်။ ကျွန်မသည် ကိုယ့်နားကို သံသယ၀င်နေချိန်တောင်မရ နောက်ထပ်အသံတစ်ခုကို ကြားလိုက်ရပြန်ပါသည်။နံရံကို လက်သီးနှင့် ပစ်ထိုးလိုက်သောအသံ။ ကျွန်မလှည့်မကြည့်ခဲ့ပါ။ ထို့နောက် ကျွန်မလေသံအေးလေးနဲ့ပင်
“ရှင်က အခုတော့ ဒေါသထွက်တတ်တယ်ပေါ့ ဟုတ်လား။ ကျွန်မကို ထိခိုက်အောင်လုပ်ရင် ရှင်တို့ပဲ ပြန်ခံစားရမှာကို ရှင်ကြိုမတွက်ထားဘူးလား။ ဒါတွေအားလုံး ရှင်တို့လုပ်တာပဲလေ။ တရားခံက ရှင်တို့ကိုယ်တိုင်ပဲ။ ကျွန်မ မဟုတ်ဘူး”
သူခေါင်းငိုက်စိုက်ကျသွားပြန်ပါသည်။ ထို့သို့သူခေါင်းငိုက်စိုက်ကျသွားသည်ကို ဒုတိယအကြိမ် မြင်လိုက်ရခြင်းဖြစ်ပါသည်။ သူတာဝန်ကျရာ မဲစောက်ကို မလိုက်နိုင်ပါဟုပြောတုန်းကတစ်ကြိမ်၊ အခုတဖန် နောက်တစ်ကြိမ်။
“ကိုယ်မင်းကိုတောင်းပန်ပါတယ်ကွာ။ ကိုယ့်အပြစ်တွေကိုလည်း ၀န်ခံပါတယ်။ ကိုယ်မင်းအပေါ်တာဝန်မကျေခဲ့ဘူး။ အခုဟာက ကိုယ်မင်းကို ခွင့်လွတ်ဖို့တောင်းဆိုနေတာလဲ မဟုတ်ဘူး။ မင်းကိုယ့်ကို အချိန်သုံးလပဲ ပေးပါ။ သုံးလပြီးတာနဲ့ ကိုယ့်အပြစ်ကို ကိုယ်ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်ကွာ။ အဲဒီတော့မှ မင်းကြိုက်သလို လုပ်ပါကွာ” သွားစမ်းပါ။ ဒါတွေ အခုအချိန်မှာ ဒါတွေ အသုံးမ၀င်ပါဘူး။ အခုအချိန်မှာ နတ်ပြည်က သိကြားမင်းဆင်းလာပြီး တားရင်တောင်မရဘူး။ ရှင်တို့ပျော်နေတုန်းက ကျွန်မရဲ့ ခံစားချက်ကိုထည့်မတွက်ဘူးမို့လား။ ကျွန်မဘက်ကိုနဲနဲလေးမှ ငဲ့မကြည့်ဘူးမို့လား။ အခုမှ ဘာလို့ ကျွန်မကို စာနာဖို့ သနားဖို့ လာပြောနေရတာလဲ။ ကျွန်မရှင်တို့နှစ်ယောက်လုံးကို မုန်းတယ်။ကျွန်မခံစားခဲ့ရတာတွေ ရှင်တို့နှစ်ယောက်လုံး ပြန်ခံစားစေရမယ်။ ကျွန်မမဲ့ပြုံး ပြုံးလိုက်သည်။ ပြီးတော့လောကကြီးကို ဟားတိုက်ရယ်မောပစ်လိုက်သည်။ အက်ကွဲနေသော အသံအားပြန်ထိန်းရင်း
“ရှင်က ကျွန်မကိုလျော့တွက်ထားတာကိုး။ အခုအချိန်မှာ ရှင်ဘာပြောပြော ခေါင်းငြိမ့်လက်ခံမဲ့ အရင်က သက် မဟုတ်တော့ဘူး။ တကယ်တော့ ရှင် ကျွန်မကို ပစ်ပယ်ခဲ့တာကြာပါပြီ။ အခုမှ ဘာလို့လာပြီး ပတ်သက်ချင်ရတာလဲ။ ဘာလဲ အခုရှင်ကြောက်နေပြီမဟုတ်လား? ရှင်က ကျွန်မရဲ့ စိတ်ကိုလာစမ်းတာကိုး။ သက် ဆိုတဲ့မိန်းမက ဘာကိုမှ နောက်မဆုတ်တတ်တာ ရှင်သိပါတယ်။ အဲဒီတော့ ကိုယ့်ဘာသူ ဘုရားလေးဘာလေးရှစ်ခိုးပြီး ရှေ့နေလေးဘာလေးဌားလိုက်ဦးပေါ့။ ပြီးတော့ ရှင်ရဲ့ အငယ်အနှောင်းလေးကိုလည်း အားပေးလိုက်အုံး။ သူ့ခမျာ ကိုယ်ဝန်အရင့်အမာကြီး မဟုတ်လား? ကဲ ရှင်ပြန်တော့ တရားရင်ဆိုင်တဲ့ နေ့မှပဲ ထပ်တွေ့ကျတာပေါ့။ ရှင်ကံကောင်းပါစေ” သူအံကျိတ်လိုက်သည်ကို မမြင်ချင်ယောင်ဆောင်ထားသည့် ကြားမှ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ထို့နောက် သူဝုန်းခနဲထကာ ကျွန်မရှေ့က လှည့်ထွက်သွားသည်။
ကျယ်ပြန့်သော နောက်ကျောပြင်အား ငေးရင်း ကျွန်မမျက်ရည်ဝဲလာသည်။ မဖြစ်ပါ ကျွန်မမျက်ရည်ကျလို့ မဖြစ်ပါ။ ငိုတယ်ဆိုတာ ရှုံးနိမ့်တဲ့သူတွေ လုပ်တဲ့အလုပ်။ ကျွန်မ မရှုံးနိမ့်ပါ။ ကျွန်မနိုင်လိမ့်မည်။ သေချာသည် ဒီပွဲမှာ ကျွန်မနိုင်လိမ့်မည်။ ရှုံးနိမ့်မည့် ထိုသူနှစ်ယောက်၏ ငိုကြွေးသံအား ကြည့်ရင်း ကျွန်မဟားတိုက်ရဦးမည်။ နှစ်ယောက်။ မဟုတ်ပါ။ ထိုသူနှစ်ယောက်ထဲမဟုတ်ပါ။ နောက် လအနည်းငယ်အတွင်း လူ့လောကရောက်လာမည့် ကလေးငယ်တစ်ဦးပါလိမ့်ဦးမည်။
အခန်း(၃)
“ကိုရယ်သေချာလို့လား positive ဆိုတာ” ကျွန်မတအံ့တသြမေးလိုက်သည်။ “ဟုတ်တယ်သက် သေချာတယ်။”သူအသံမှာ တည်ငြိမ်နေသည်။ ကျွန်မ ဆက်မမေးရဲပါ။ ကျွန်မ ဘာပြန်ပြောရမည်ကိုလည်း ရှာလို့မတွေ့ပါ။ ဆရာဝန်တစ်ယောက်အနေနှင့် အခုကိစ္စကို ကြားရသည်မှာ မထူးဆန်းသော်လည်း ဒီတစ်ကြိမ်တော့ ကျွန်မဆွံ့အနေသည်။ သူဝမ်းနည်းနေလား ဒါမှမဟုတ် စိတ်ဓာတ်ကျနေလား။ တစ်ဖက်မှ ပြောနေသော ကို့အသံကို မကြားတချက် ကြားတစ်ချက်။ ထိုနောက်သတိပြန်ဝင်လာကာ ငါသူ့ကို နှစ်သိမ့်ရမယ် ဟုတ်တယ် အခုချိန်မှာ အရေးကြီးဆုံးက သူစိတ်ဓာတ်မကျဖို့ပဲ။ သို့သော်ကျွန်မ သူ့အတွက် ဖြေသိမ့်စရာ စကားရှာမတွေ့။
“သက် ကို အခုချိန်မှာ တစ်ယောက်ထဲနေချင်တယ်။ သက်ကိုလည်း ၀န်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ ကိုတို့အတွက် အကောင်းဆုံးဖြစ်အောင် ကို စဉ်းစားပြီးပြီ။ ကိုတို့ ကွာရှင်းကြရအောင်” သူသည် ကျွန်မစိတ်ကိုသိသည်။ သူထိုသို့ပြောလိုက်ချိန်မှာ ကျွန်မဘာတွေဆက်၍ ဆက်၍ တွေးနေမည်ကိုလည်း သူသိသည်။ ကျွန်မ၀န်ခံပါတယ်။ ကျွန်မသည် အတ္တကြီးသည်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ခံစားချက်ကိုမှ ဂရုမစိုက်တတ်။ အထူးသဖြင့် သူနှင့်အိမ်ထောင်သက်တမ်း ၇နှစ်လုံးတွင် သည်းခံခဲ့သည်မှာ သူပင်ဖြစ်သည်။
အခန်း(၄)
ကျွန်မညညအိပ်မပျော်ပါ။ သူ့မှာ HIV positive တဲ့။ ထိုသို့ဆိုလျှင် ကျွန်မတွင်လည်းထိုရောဂါပိုး ရှိနေနိုင်သည်။ ကျွန်မကြားကြားချင်း ကြောက်မိတာအမှန်ပါ။သို့သော် သူ့နောက်လိုက်မနေသည်မှာ ၁နှစ်မျှရှိနေသည်ကတစ်ကြောင်း၊ သုံးလတစ်ကြိမ်သွေးလှူဖြစ်သဖြင့် သွေးအမြဲစစ်နေရသည်ကတစ်ကြောင်း အခုချိန်တွင် HIV ပိုးရှိမနေသည်မှာ သေချာသည်။ ကျွန်မတစ်ခုခုကိုရွေးချယ်ရမည်။ ဆရာဝန်အလုပ် သို့မဟုတ် ချစ်လှစွာသောခင်ပွန်းသည်။ ကျွန်မအမျိုးမျိုးစဉ်းစားကြည့်သေးသည်။ ကျွန်မ သူ့အနားမှာ သူသေဆုံးသည်အထိ ဆရာဝန်တစ်ယောက်အနေနှင့် သူကိုစောင့်ရှောက်ပြီးနေရင်ရော? သူနှင့်အတူတူနေပါက ကျွန်မတို့ ဘယ်လိုပင်ထိန်းစေကာမူ တစ်ချိန်ချိန်မှာ ဒီရောဂါကျွန်မဆီ မကူးစက်နိုင်ပါဘူးဟုမပြောနိုင်။ ထိုရောဂါပိုးရှိနေမှန်းသိလျှက်နှင့် ဆရာဝန်တစ်ယောက်၏ တာဝန်ကိုဆက်ယူ၍မသင့်ပါ။ကျွန်မ ဆရာဝန်ဘ၀ကိုမစွန့်လွှတ်ချင်ပါ။ သူ့ပြောသည့်အတိုင်း ကွာရှင်းပါကလည်း ၇နှစ်လုံးလုံး အေးအတူပူအမျှနေလာသော ခင်ပွန်းအပေါ်တာဝန်မကျေရာ ရောက်မည်။ အခုကိစ္စမှာ တာဝန်တွေ၊ ဘာတွေ ဘေးချိတ်ထားဦး။ကျွန်မ၏ စိတ်ရင်းအမှန်ကဘာလဲ။ ကျွန်မဟာ သူနာမကျန်းဖြစ်တော့မှ စွန့်ခွာမည့်လူစားလား။ ဒီလိုဆို ကျွန်မ သူ့ကိုချစ်တယ်ဆိုတာ လိမ်တာပဲ။ ကျွန်မ မလိမ်ပါ။ ကျွန်မ သူ့ကို တကယ်ချစ်ခဲ့သည်။ ကျွန်မ ရင်နှင့်ရင်းပြီးကို ချစ်ခဲ့သည်။ သူ့ပုံရိပ်များ ကျွန်မမျက်စိထဲတွင် တရေးရေးမြင်လာသည်။ ထို့နောက် ကျွန်မခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

အခန်း(၅)
“ကိုရဲခေါင်နဲ့ တွေ့ချင်လို့ပါရှင်” ကျွန်မသူ့အားဖုန်းတောင်မဆက်ပဲ သူရှိရာ မဲစောက်သို့ လိုက်လာခဲ့သည်။သူသည် အံ့သြနေလိမ့်မည်။ ကျွန်မ၏ အချစ်အတွက်လည်း သူဂုဏ်ယူနေလိမ့်မည်။
သို့သော် တစ်ဖက်လူ၏ စကားမှာ ကျွန်မမျှော်လင့်ထားသလိုမဟုတ် “ကိုရဲခေါင် သူ့မိန်းမ ကိုယ်ဝန်အဆိပ်တက်နေလို့ ဆေးခန်းသွားပြပါတယ်ခင်ဗျာ”
“ရှင်”ကျွန်မ ယောင်ရမ်းပြီးအော်မိသည်။ နွေခေါင်ခေါင်မှာ ကျွန်မ ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပဲ။ ကျွန်မ ခေါင်းမိုက်ခနဲမူးသွားသည်။ ကိုရဲခေါင်ဆိုသူ၏ တရားဝင်ယူထားသောမိန်းမက ကျွန်မလေ။ လူမှားတာဖြစ်မှာပါ။ ကိုဘယ်လိုမှမဖြစ်နိုင်ပါ။ “ဒီဝင်းထဲမှာ ကိုရဲခေါင်ဘယ်နှစ်ယောက်ရှိလဲဟင်။” ကျွန်မ အသံကိုထိန်းပြီးပြန်မေးလိုက်သည်။“ကျောက်ပန်းတောင်းသား ကိုရဲခေါင်တစ်ယောက်ပဲရှိပါတယ် ခင်ဗျာ” အို့ ဒါဆိုသေချာသွားပြီပေါ့ ကျွန်မ၏ခင်ပွန်း ရဲခေါင်ဆိုတာ။ ကျွန်မ အငွေ့လေးအဖြစ် ဒီကမ္ဘာမြေမှ စွန့်ခွာသွားချင်သည်။ အရှင်လတ်လတ်မြေမျိုသွားသလိုပဲ ကျွန်မရင်ထဲပူနေသည်။ဒါကျွန်မ၏ သိက္ခာကိုလည်း စော်ကားတာ၊ ကျွန်မ အချစ်ကို အလွဲသုံးစားလုပ်တာ။ တရားဝင်မယားရှိရက်နဲ့ မိန်းမနောက်တစ်ယောက်ထပ်ယူတာ လူ့စည်းမျဉ်းချိုးဖောက်တာ။ ကျွန်မသည်းမခံနိုင်ပါ။ ကျွန်မဒီနေရာတွေ ကြာကြာနေနိုင်မည်မဟုတ်ပါ။ အကောင်းဆုံးကတော့ ကျွန်မဒီနေရာက အမြန်ဆုံးထွက်သွားဖို့ပါပဲ။ ကျွန်မရှောင်ပြေးခြင်းမဟုတ်ပါ။ ကျွန်မ၏ မျက်ရည်စများအား လူတွေအမြင်မခံချင်ရုံသာ ဖြစ်သည်။ ကျွန်မနဲ့ ဝေးသွားတဲ့ တစ်နှစ်အတွင်းမှာ ၇နှစ်တာလက်တွဲခဲ့တဲ့ သံယောဇဉ်က ကုန်ခမ်းသွားနိုင်သလား။
“ ကိုရဲခေါင် ကျွန်မ ခင်ငြိမ်းသက်ပါ။ ကျွန်မ အခု (----) ဟိုတယ်မှာ။ အခုလာတွေ့ပါ။” ကျွန်မပြောဆိုပြီး ဖုန်းချလိုက်သည်။ ကြည့်ကြသေးတာပေါ့ ကျွန်မကို ဘယ်လိုမျက်နှာမျိုးနဲ့လာတွေ့မလဲဆိုတာ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောင်္ကျားတစ်ယောက်၏ ပါးစပ်က ဘာစကားများထွက်လာမလဲဆိုတာ။
ဒေါက်.. ဒေါက်…
“ကျွန်မတံခါးဖွင့်ထားတယ် ၀င်ခဲ့ပါ။” သူဝင်လာသောအသိနှင့်တပြိုင်နက် သူ့ရေမွှေးနံ့ ကျွန်မရလိုက်သည်။ တချိန်က ရူးသွပ်ခဲ့သော ထိုအနံသည် အခုချိန်မှာ စက်ယုတ်ဖွယ်ရာ။
“ရှင့် အတွက် ကလေးက အဲလောက်တောင်အရေးပါလား” ကျွန်မဆီး၍ မေးလိုက်သည်။ “ရှင်ကျွန်မကို မပေါင်းချင်တော့ပါဘူးလို့ပြောလိုက်တာကမှ ကျွန်မအတွက်နေသာဦးမယ်။ အခုတော့ အကြောင်းပြချက်တွေပေးပြီး လိမ်တာကျွန်မ ဘာသဘောလဲ။ ကျွန်မဘာကိုမှ အရာအားလုံးကို စွန့်ပြီး ရှင့်နောက်လိုက်လာခဲ့တာ။ နောက်ဆုံးရလဒ်က ဒါပဲလား။ ပြောပါအုံး။ ရှင်တော်ပါတယ်။ ကျွန်မအပေါ် အလှပဆုံးနဲ့ အသေသပ်ဆုံး အနိုင်ယူဖို့ကြိုးစားတာ။ ရှင့်မှာ HIV ရှိတာကို သိရင် ဆရာဝန်အလုပ်ကို ချစ်တဲ့ ကျွန်မ ရှင်ပြောတာကို လက်ခံပြီး ကွာရှင်းပေးမှာကို ရှင်ကကြိုသိနေလို့မဟုတ်လား။ ဒါဆိုရှင်မှားသွားပြီ။ သက်ဆိုတဲ့မိန်းမက ရှင့်အတွက်ဆိုရင် ဘာကိုမှ မကြောက်ဘူးဆိုတာကို ရှင်အစကတည်းက ရိပ်မိဖို့ကောင်းတယ်။”
“ကိုတောင်းပန်ပါတယ်ကွာ၊ ကိုလည်း ဘာမှကြံရာမရတော့လို့ပါ။ ကိုယ့်ဘက်ကလဲ လွန်ထားပြီးပြီဆိုတော့ ကိုယ်မှာတာဝန်ယူဖို့ရှိတယ်။မင်းရဲ့အချစ်ကိုလည်းစော်ကားမိသလိုဖြစ်သွားတယ်။ ကိုတကယ်တောင်းပန်ပါတယ်ကွာ။ ကိုယ်ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး။မင်းနားလည်ပေးနိုင်လိမ့်မယ်လို့လဲ ကိုယ်မျှော်လင့်ပါတယ်။ ဒါကြောင့် ကိုယ်တို့ ကွာရှင်းကြရအောင်”
ဘာပြောတယ်။ ကျွန်မနားလည်မပေးနိုင်ပါဘူး။ရှင်တို့ပျော်ရွှင်ဖို့ ကျွန်မကငိုကြွေးနေရမှာလား။အဇာတသတ် ငရဲဆင်းခါနီး ချွန်းမရှိ အစွမ်းကုန် မိုက်နေသလိုပါပဲလား။
“ကျွန်မမနက်ဖြန် မန္တလေး ပြန်မယ်။ အဲဒီမှာမှပဲ ထပ်တွေ့ကြတာပေါ့”ကျွန်မ စကားကို သူနားလည်မလည်တော့ မသိ။ သို့သော် မကြာမီသူနားလည်သွားလိမ့်မည်။ သူတင်မဟုတ် သူ့နောက်မိန်းမပါ နားလည်သွားလိမ့်မည်။
အခန်း(၆)
ကလေးမရနိုင်သော မိမိကိုယ့်ကိုယ်ကို အပြစ်တင်ရမည်လား။ အိမ်ထောင်ဖောက်ပြန်ရက်သော သူ့ကို အပြစ်တင်ရမည်လား။ ရက်စက်လှသောကံကြမ္မာကိုပဲ အပြစ်တင်ရမည်လား ကျွန်မ ဝေခွဲလို့မရ။ မန္တလေးကိုပြန်ရောက်ပြီး သိပ်မကြာမီ ကျွန်မ၏ဆေးရုံသို့ တရားရုံးမှ ဆင့်ခေါ်စာရောက်လာပါသည်။ ကျွန်မအတွက် တရားမျှတစွာ ဆုံးဖြတ်ပေးမည့်နေ့ နီးလာပါပြီ။ အကယ်၍ သူအမှုရှုံးလျှင် သူအလုပ်ပြုတ်လိမ့်မယ်။ ကံဆိုးလျှင် ထောင်ပါကျနိုင်သည်။ ဒီလိုဆိုရင် ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်လေးပေါ့။ မိသားစုလေးတစ်စု ပြိုကွဲသွားတဲ့အကြောင်းလေးပေါ့။ ကျွန်မ သတိပြန်ဝင်လာသည်။အခုကျွန်မသူများအိမ်ထောင်ရေးကို ဖျက်ဆီးပစ်နေတာပါလား။ ပျော်ရွှင်နေတဲ့ အသိုက်အမြုံကို ဖျက်ဆီးပစ်နေတာပါလား။ မဟုတ်ဘူး သူတို့က အရင် ကျွန်မ၏ ငြိမ်သက်နေတဲ့ရေပြင်ကို စပြီးခဲနဲ့ ပစ်ကြတာ။ တဖန် နောက်လအနည်းငယ်တွင် လူ့လောကရောက်လာမည့် ကလေးငယ်။ ထိုကလေးငယ်၏ဘ၀ကိုရော ထည့်မတွက်ဘူးလား။ အပြစ်မရှိသော ထိုကလေးငယ်မှာ မိဘများ၏အစား ခံစားရလိမ့်မည်။ ကျွန်မတွေဝေနေပါသည်။ နားစမ်းပါ။ ငါမကောင်းတာမဟုတ်ဘူး။ သူတို့မကောင်းလို့ မှန်လို အရောင်ပြန်ဟပ်တာ။ မုန့်ကိုသာဝေစားမယ်။အချစ်ကို ဘယ်လိုဝေမှာလဲ။ နင်တို့ကတော့ပျော်ရွှင်ပြီး ငါ့ကိုတော့စိတ်ဆင်းရဲချင်ဆင်းရဲပါစေပေါ့ ဟုတ်လား။ ငါဝမ်းနည်းနေရရင် နင်တို့လည်းမပျော်စေရဘူး။ နင်တို့ကို ငါဘယ်တော့မှ ခွင့်မလွှတ်ဘူး။
အခန်း(၇)
“အသင် မောင်ရဲခေါင်သည် တရားဝင်မယားရှိလျှက်နှင့် နောက်မိန်းမထပ်ယူခြင်း၊ တရားဝင်မိန်းမအား လိမ်ညာလှည့်ဖြားပြီး ကွာရှင်းလက်မှတ်ရယူခြင်း အစရှိသည့် အပြစ်မှုမှ ထင်ရှားသဖြင့် ပုဒ်မ----------အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်ကျစေ”

အားလုံးပြီးဆုံးသွားပါပြီ။ ကျွန်မအတွက် မျှတသော တရားစီရင်ချက်ကို ချပြီးသွားသည်မှာ တစ်လတိတိရှိခဲ့ပြီ။ ဂယောက်ကယက်ဖြစ်ခဲ့သော ရင်ခွင်မှာ တည်ငြိမ်စပြုလာပြီ။ ကျွန်မစိတ်ချမ်းသာမှုမရှိသလို ၀မ်းနည်းမှုလည်းမရှိခဲ့ပါ။ သူ့နောက်မိန်းမအကြောင်းကိုလည်း နောက်ထပ်မစုံစမ်းဖြစ်ခဲ့တော့။ သူ့အတွက်တော့ မိန်းမချင်းစာနာမိပါသည်။
“ဒေါက်တာ လူနာတစ်ယောက် အရေးပေါ်ရောက်လာတယ်။” သူနာပြုဆရာမလေး မျက်စိပျက်မျက်နှာပျက် လာပြောသဖြင့် ကျွန်မ၏အတွေးများ ရပ်တန့်သွားသည်။
လူနာသည် နာလွန်းသဖြင့် ညီးညူနေသည်။
“Blood pressure ဘယ်လောက်ရှိသလဲဆရာမ”
“ ၇၅ ၅၀ ပါ ဒေါက်တာ”
ကျွန်မ ဘုရားတမိသည်။ အောက်သွေးအလွန်ကျနေသည်။ ပြီးတော့ PDD ။ ကျွန်မ အလျှင်အမြန်မွေးခန်းထဲသွင်းလိုက်သည်။ “ဆရာမ သွေးဌာနကို ဖုန်းဆက်ပါ။ အိုသွေး ၂ပုလင်းအမြန်ပေးပါလို့။” လူနာသည် သတိမရတချက်၊ ရတချက်။ လူနာသည် ညှစ်နိုင်စွမ်းအားမရှိတော့။ ဒီလိုဆိုမဖြစ် ကလေးသည် မိခင်ဝမ်းထဲ၌ပင် ရေမွန်းပြီးသေသွားနိုင်သည်။ ကျွန်မ ညှက်နှင့်ဆွဲမွေးရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းသည်ဟု ဆိုရမည်။ ကလေးက ခေါင်းကစဆင်းလာသည်။ အကယ်၍ ကလေးသည် ခြေထောက်ကစဆင်းလာပြီဆိုပါက ညှက်နှင့်ဆွဲမွေးရန်ပင် ခက်နေလိုက်မည်။ ကျွန်မတို့ မွေးခန်းထဲတွင် ၂ နာရီမျှကြာခဲ့သည်။ ကျွန်မတို့ ကြိုးစားရကြိုးနပ်ပါသည်။ လူ့အသက်နှစ်ချောင်းကယ်ခဲ့နိုင်သည်။
“ဒေါက်တာ ကုတင် ၁ ကလူနာ သွေးပေါင်တွေကျနေတယ်။ ”
ကျွန်မအမြန်ပြေးသွားသည်။ ဟုတ်သည် လူနာမှာ သွေးသွန်နေသည်။ ကျွန်မ အသက်ကယ်ဆေးထိုးရန် အမြန်ပြင်လိုက်သည်။ ကျွန်မလူနာအား နှလုံးခုန်သံနားထောင်ရန် ပြင်ဆင်လိုက်စဉ် အေးစက်စက်အရာတစ်ခုက ကျွန်မ၏လက်အား လာပြီးထိတွေ့လာသည်။ ကျွန်မလှည့်ကြည့်လိုက်မိသည်။ ထို့နောက် လူနာသည် ကျွန်မအား “မမှီတော့ဘူးမမ ကျွန်မကိုယ့်ကိုယ်ကိုသိတယ်။ ကျေးဇူးတင်ပါတယ်မမ၊ ညီမ မှားခဲ့သမျှ တောင်းပန်ပါတယ်။ ကျွန်မ နောက်ဘ၀မှပဲ မမရဲ့ ကျေးဇူးကိုပြန်ဆပ်ပါ့မယ်။ ညီမကိုခွင့်လွှတ်ပါ။” လူနာသည် အသက်ရှုရပ်သွားသည်။ ကျွန်မစမ်းသပ်ကြည့်လိုက်တော့ အသက်မရှိတော့။ထို့နောက် ကျွန်မစိတ်မကောင်းစွာဖြင့်ပင် ကလေး၏ မှတ်တမ်းအားကြည့်လိုက်မိသည်။
မိခင်-မြခက်
ဖခင်-ရဲခေါင်
ကျွန်မအလွန်ပင် မှင်သက်မိသည်။ဒါ…ဒါဆို ဒီကလေးက ကျွန်မခင်ပွန်း၏ အသွေးအသားပေါ့။ ဒါဆိုအခု သေသွားသည်မှာ မြခက်။ သေသူ၏နောက်ဆုံးစကားများကို အခုမှသေချာနားလည်သွားတော့သည်။ ဒီလိုဆို မြခက်သည် ကျွန်မကိုမှတ်မိနေသည်။ ကျွန်မနှင့်မတွေ့သည့် ၁လအတွင်း မြခက်သည် သိသိသာသာ ပြောင်းလဲသွားသည်။ ကိုယ်ခန္ဓာမှာ သိသိသာသာ ပိန်ချုံးသွားသည်။ ဒါကြောင့်မို့ သူကလေးကို မွေးဖို့ အားအင်မရှိတော့တာ။ ဒါဆို ကျွန်မကြောင့် မြခက်သေတာပေါ့။ ကျွန်မသာ တရားမစွဲခဲ့လျှင်……..
အခန်း(ရ)
“ခွမ်း…………………ခွမ်း…………………..ခွမ်း” မီးဖိုချောင်မှ အသံကြားလိုက်ပါသည်။ ၁၀နှစ်သာရှိသေးသော ထိုကလေး၏ ရင်ထဲ၌ နာကြည်းမှုများပြည့်နှက်နေသည်။ ကျွန်မအားမုန်းတီးနေသည်။ သူ၏အဖေနှင့်အမေကို သတ်သော သူတစ်ယောက်အဖြစ် ကျွန်မကို မုန်းတီးနေသည်။ ကျွန်မထိုကလေးမလေးအား လူလားမြောက်အောင် စောင့်ရှောက်ဖို့ ရှေ့ရေးအားလှမ်းမျှော်ကြည့်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။
ကျွန်မ၏အမှားကြောင့် ကျွန်မအားတဖန်ပြန်၍ သတ်မည်ဆိုလျှင် ကျွန်မနောက်တစ်ခါပြန်၍ သေ၀ံ့ပါသေးသည်။
စာကြွင်း
ရဲခေါင်သည် ထောင်ကျပြီး ၃နှစ်အကြာတွင် ငှက်ဖျားရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။
***************************************************************************
6 comments:
တစ်ကယ့် အဖြစ်အပျက်လေးတစ်ခုလိုပဲနော် စိတ်ကူးပုံဖော်ထားတာဆိုရင်တော့ တော်တော်လေးကို မိုက်ပါတယ် အစ အဆုံးဖတ်သွားတယ်နော်
ညီမလေး ရေ...ဇတ်လမ်းကောင်းလေးပဲနော်.......
သိပ်ကောင်းတဲ့ ဇာတ်လမ်းလေးပါ
စွဲဆောင်မှု ရှိပါတယ်။
အားပေးလျှက်
အိမ်ထောင်ရေး ဖေါက်ပြန် သူတွေရဲ့  သွားရာလမ်း ပေါ့နော် ..သစ္စာ မရှိတဲ့ယောကျာ်း တယောက်ကြောင့် ဘဝ ၃ ခုလုံး ပျက်ရတာ .. သံဝေဂ ရစရာလေးပါပဲ ။
အရေးအသား လေးလည်း ကောင်းပ ပိုးဟပ်လေးရေ ..
အားပေး နေမယ်နော်။( ခု မှ လင့် ခ် ထားပေးခဲ့လို့  ပြန်လာလည်လို့ရတာ )
ခင်တဲ့ 
မကိ
ကလေးလေးကို ဖြူဖြူစင်စင်ပဲ ဆက်ပြီးစောင့်ရှောက်ပါ ဆရာဝန်မလေးရေ ... သူလမ်းမှန်ကိုမြင်လာတဲ့အထိ သည်းခံပေါ့ ... ဒါဆို ဘ၀တစ်ခုကိုတော့ ပြန်ကယ်တင်လာနိုင်လိမ့်မယ်ထင်တယ်
တကယ့်အဖြစ်လေးလို့ထင်ပါတယ်
နောင်တ မရကြရင်ကောင်းမယ်နော်
ဖတ်ရတာ စိတ်မကောင်းဘူး
လူကြီးတွေအမှားကြောင့် ကလေးတွေ ထိခိုက်တာလည်း မကောင်းသလို လူကြီးတွေကလည်း မမှားသင့်ဘူး
ရင်မောစရာပဲ
Post a Comment