ကျွန်မကြည့်ရင်းကြည့်ရင်းနှင့် စိတ်ထဲမှာ တမျိုးခံစားရလာတယ်။ သူ …သူ … ခုန်ချတော့မလို့လား။ မဖြစ်ဘူး သူခုန်ချလို့မဖြစ်ဘူး။ သူဘ၀ကို ဒီလိုပဲအရှူံးပေးတော့မလို့လား။ ကျွန်မမှာတာဝန်အပြည့်ရှိတယ်။ ကျွန်မသူ့ကိုစောက်ရှောက်ဖို့ ဒီကိုရောက်လာတာဖြစ်ရမယ်။ကျွန်မသူ့ကိုပြန်လာဖို့ အော်ပြောလိုက်တယ်။ သူနားမထောင်ပါ။ တရွေ့ရွေ့ဆက်သွားနေသည်။ တစ်နေရာအရောက် သူရပ်ပြီး အောက်ကိုငုံ့ကြည့်နေပြန်တယ်။ ကျွန်မလည်း လိုက်တက်ဖို့ကြိုးစားလိုက်သည်။ကျွန်မ ထုတ်တန်းပေါ်ရောက်သည်အထိ သူဒီတိုင်းပဲ ရှိနေပါစေ။ ကျွန်မ တဖြည်းဖြည်း အပေါ်တက်သွားသည်။ တဖြည်းဖြည်းမြင့်တက်လာတဲ့ အမြင့်ကြောင့် ကျွန်မမိုက်ခနဲ မူးသွားသည်။ မျက်စိအမြန်မှိတ်ပြီး နီးစပ်ရာ တိုင်တစ်တိုင်ကို ကိုင်လိုက်သည်။ သူကတော့ ရပ်မြဲရပ်နေတုန်းပဲ။ ကျွန်မအတွေးတစ်ချက်ပေါ်လာသည်။ ကြည့်ရတာ သူသေမှာကို ကြောက်နေလို့ ခုန်မချတာဖြစ်မယ်။ အင်းပေါ့လေ ကလေးပဲ ပေါက်ကရသာတွေးရုံတွေးတာ တကယ်တော့လည်း ဘယ်လုပ်ရဲပါ့မလဲနော်။ အမြင့်အဟုန်ကြောင့် ဒူးခေါင်းချောင်နေတဲ့ ကျွန်မ သူ့အားသွားရောက်၍ ဆွဲယူနိုင်အားလည်းမရှိပါ။ တော်သေးသည် သူ့၏ မလုပ်ရဲတဲ့စိတ်ကိုပဲ ကျေးဇူးတင်ရမယ်။ ကျွန်မရပ်မြဲနေရာမှာပဲ သူ့ကို ကြည့်နေလိုက်မိတယ်။ ထို့နောက်သူက ကျွန်မဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်တယ်။ သူကပြောတယ် သူတို့သူ့ဦးလေးအိမ်ဖြစ်တဲ့ ယခုအိမ်လေးကိုဆောက်တုန်းက လူတစ်ယောက် ထုတ်တန်းပေါ်ကပြုတ်ကျပြီးသေဖူးတယ်တဲ့။ သူ့ဘာသူ အရက်မူးပြီး ပြုတ်ကျသေတာတဲ့။ သူကဆက်ပြောသေးတယ်။ လူတွေသေသွားပြီးရင် ဘယ်ကိုသွားကြသလဲတဲ့။ ကျွန်မ မဖြေနိုင်ပါ။ ဟော ……ပြောရင်းနဲ့ သေခြင်းတရားတွေပါလာပြီ။ မဖြစ်ပါ ဘယ်လိုမှ မဖြစ်ပါ။ ကျွန်မ အားယူပြီးထကြည့်လိုက်သည်။ ကျွန်မဘယ်လိုဖြစ်ပြီး ဒီလောက်အမြင့်လေးကို ကြောက်နေရတာပါလိမ့်။ ၁၀နှစ်အရွယ်ကလေးတစ်ယောက်တောင် မကြောက်တဲ့ ထိုအမြင့်ကို ကျွန်မကြောက်နေတာ အံ့သြစရာပဲ။ ကျွန်မထိုကလေးမလေးအားပြောလိုက်သည်။ သမီးမလုပ်နဲ့နော် စိတ်လိုက်မာန်ပါမလုပ်ပါနဲ့နော်။ အမတောင်းပန်ပါတယ်။ ဒီကိစ္စက အခုလိုဖြေရှင်းယုံနဲ့ပြီးမှာမှမဟုတ်တာ။ သူကျွန်မကို ဘာမှမပြောပဲငေးကြည့်နေသည်။ အဲဒါမှ ဒုက္ခ။ ကျွန်မစကားများမှားသွားပြီလားမသိ။ သူကြည့်မြဲကြည့်နေပြန်သည်။ ထို့နောက် သူက အမ ညီမလေး ဘယ်တော့မှ ခုန်မချပါဘူးတဲ့။ အခုမှ ကျွန်မသက်ပြင်းချနိုင်တော့သည်။ သူက လူကြီးလေးတစ်ယောက်ပမာ ဆက်ပြောတယ်။ သူသေရမှာကြောက်လို့မဟုတ်ဘူးတဲ့။ သူသေဖို့လည်း အကြိမ်ကြိမ်စဉ်းစားဖူးတယ်တဲ့။ သူ့အစ်မ မကေ ကိုတောင် အဲဒီအကြောင်းတွေ ပြောပြလိုက်သေးတယ်တဲ့။ အကြိမ်ကြိမ်စဉ်းစားလိုက်တိုင်း ပေါ်လာတဲ့ အတွေးတစ်ခု ရှိတယ်တဲ့။လူတွေသေရင် သေသွားတဲ့သူအတွက်ကတော့ အေးချမ်းသွားပေမယ့် အသက်ရှင်ကျန်ခဲ့တဲ့သူတွေက စိတ်ဆင်းရဲပြီး ကျန်ခဲ့တာတဲ့။ ပြီးတော့ အခုချိန်မှာ သူ့တို့ မိသားစု စားစရာတောင်မရှိသေးတာ သူကပါ အခုချိန် ကိုယ့်ကိုယ်ကိုသတ်သေလိုက်ရင် အသုဘစရိတ်ကို ဘယ်လိုဖြေရှင်းမှာလဲတဲ့။ ကျွန်မရယ်ချင်သွားသည်။ ကျွန်မ မရယ်မိအောင် မနည်းထိန်းရသည်။အော် ကလေးမရယ် တော်တော်လည်းသိတတ်ပါပေတယ်။ ပြောရရင် သူဥာဏ်မှီသလောက် တွေးတတ်တာလေးကိုပဲ ချီးကျူးမိပါတော့သည်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ဒီလိုအတွေးက သူ့ကို ကယ်ခဲ့တာပါပဲ။
နောက်နေ့လဲ ကျွန်မသူ့အနားမှာ ရှိနေပြန်သည်။ ကျွန်မဘယ်ရောက်နေတာလဲ။ ကယ်ပါအုံး။ ကျွန်မ ဘာလို့ဒီနေရာရောက်နေတာလဲ။ ဒါမှမဟုတ် ဒီကလေးမလေးကို စောင့်ရှောက်ဖို့ ကျွန်မကို တကယ်ပဲ ဒီလွှတ်လိုက်တာလား။ ဒါဆို ကျွန်မရဲ့ ဘ၀အမှန်က ဘာလဲ။ ကျွန်မအတွေးတွေကို ထိုကလေးမလေးက ဖြတ်တောက်ပစ်လိုက်ပြန်ပါသည်။ မမ သိလား ဇော်ဝမ်းကို။ ရုပ်ရှင်မင်းသားလေ။ သီချင်းလည်းဆိုတယ်လေ။ အခုသူအိမ်ရှေ့မှာသိလားမ။ ကျွန်မ သူ့မျက်နှာလေးပြုံးနေတာကို ပထမဆုံးမြင်ဖူးလိုက်သည်။ ဒီလိုကျတော့လည်း ကလေးမလေးက ချစ်စရာကောင်းသား။ ဟုတ်လားသမီးရဲ့ ဘာလာလုပ်တာလဲ။ ညီမလေးတို့ ကျောက်စိမ်းကို လာကြည့်တာမရဲ့။ ကျောက်က မိုးကုတ်က ယူလာတုန်းကတော့ သိန်းတစ်ရာလောက်တန်တယ်ပြောတယ်။ အခု ပြန်ရောင်းမယ်လုပ်တော့ အထဲက ကျောက်ရည်တွေ ရှိတော့ဘူးတဲ့။ လိမ်သွားကြတာလေ ညီမလေးတို့ကို။ မေမေတို့ကလည်း မသိတော့ ခံရတာပေါ့။အခု ဇော်ဝမ်းက ပွဲစားလာလုပ်တာ။ အမြန်ရောင်းနိုင်ပါစေလို့ပဲ ဆုတောင်းတယ်မရေ။ တကယ်ပြောတာ။ အဲဒါဆိုရင် နဲနဲတော့ အသက်ရှူချောင်တာပေါ့မရေ။ လာသေးသည်။ သူ့အမေပြောသော လေသံကို ဖမ်း၍ပြောနေပုံကိုက။ မ ညီမလေး လက်မှတ်သွားထိုးခိုင်းရင် ကောင်းမလား။ ကြောက်တော့ကြောက်တယ်။တော်ကြာ သူက မထိုးပေးရင်ဘယ်လိုလုပ်မလဲတဲ့။ အဲဒီတော့ ကျွန်မက သွား သွား ဘာမှမဖြစ်ဘူး ထိုးခိုင်းလိုက် ကျွန်မနှစ်ခွန်းမပြောလိုက်ရပါ။ သူ ဘယ်တုန်းကတည်းက ယူထားလဲမသိတဲ့ စာအုပ်လေးနဲ့ ဘောပင်လေး ကိုင်ပြီး သွားပါလေတော့သည်။ အခုသူပျော်နေပြန်ပြီ။ ဘယ်အချိန်ုပြန်ငိုအုံးမလဲမသိ။
မမ သိလားဒီနေ့ ဖေဖေရောက်မယ်တဲ့။ ဟုတ်လား သမီးလို့ကျွန်မပြောလိုက်ပြီး သူ့မျက်နှာကို အကဲခတ်လိုက်သည်။ သူ့မျက်နှာ ရွှင်ပျမနေပါ။ သူ့စိတ်ထဲသို့ စိတ်ညစ်စရာများဝင်လာပြန်ပြီထင်သည်။ သူသည် တခါတလေ ကျွန်မကိုမေ့နေတတ်သည်။ တခါတလေ ကျွန်မကို ရှာတတ်ပြန်သည်။ ကျွန်မဒီအိမ်ထဲရောက်နေသည်ကို သူမှလွဲ၍ တခြားဘယ်သူမှမသိ။ ကျွန်မပြောထားလို့ သူကလည်း ဘယ်သူ့ကိုမှ မပြော။ အခုလည်း အခန်းထဲလာပြီး တိုးတိုးပြောနေပြန်သည်။ ဖေဖေလေ တိုက်ရင်းမှူးစာမေးပွဲကျတယ်။ မေမေလည်း တော်တော်စိတ်ညစ်နေတယ်။ ဖေဖေမှာ ဘီပိုးရှိလို့တဲ့။ အခုအရပ်ဘက်ပြောင်းရတော့မယ်မတဲ့။ ကောင်းတော့လည်းကောင်းပါတယ်။ ဖေဖေအလုပ်က ဘာပိုက်ဆံမှ မရတာတဲ့လေ။ ဒါပေမယ့် ဖေဖေလာခါကျရင်……………………ဆိုပြီးသူ့အသံတိမ်ဝင်သွားသည်။ ထို့နောက် သူခေါင်းငိုက်စိုက်နှင့် အခန်းအပြင်ပြန်ထွက်သွားပြန်သည်။အင်း ဟုတ်သည် အကယ်၍ သူ့အဖေလာလို့ ဒီအကြောင်းတွေသိခဲ့သော်………………………..။
“ဟီး…………….ဟီး………” ကျွန်မလန့်သွားသည်။ ကျွန်မသိတော့သိလိုက်သည်။သူတို့အိမ်သားထဲက တစ်ယောက်ယောက်ငိုနေတာ။ ကျွန်မ ထိုကလေးမလေး အခန်းထဲဝင်လာမှာကို မျှော်နေမိသည်။ ဒီလိုမှ ကျွန်မ ဇာတ်ကြောင်းအကုန်သိမှာလေ။ “ကလစ်…” ကျွန်မအသံကြားလိုက်သည်။တံခါးဖွင့်သံ။ သူဝင်လာတာဖြစ်မည်။ ကျွန်မ အသာအယာလေး ခေါင်းငဲ့ကြည့်လိုက်တော့ ဟုတ်သည်။ ကျွန်မ အမြန်ထွက်လိုက်ပြီး သူ့ဆီသွားလိုက်သည်။ သူကျွန်မကိုပင် မမြင်။ အိပ်ယာပေါ်သို့ ခေါင်းအပ်လိုက်သည်။ ကျွန်မသိသည် သူငိုနေပြန်ပြီ။
ကျွန်မ သူ့ပုခုံးကို လက်တစ်ဖက်နဲ့ကိုင်လိုက်သည်။ သူလှည့်မကြည့်ပါ။ ငိုမြဲငိုနေသည်။ ကျွန်မ သူ့ခေါင်းလေးအား အသာအယာပုတ်ပေးရုံမှ လွဲ၍ ဘာမှ မလုပ်ပေးနိုင်ချေ။ သူငိုရတာ မောလွန်းလို့ ကျွန်မပေါင်ပေါ်အိပ်ပျော်သွားသည်။ ကလေး အိပ်လိုက်ပါ။စိတ်ညစ်စရာတွေမေ့လိုက်ပြီးတော့ အိပ်လိုက်ပါနော်။ ကလေး ကောင်းကောင်းမအိပ်ရတာကြာနေပြီလေ။
တအောင့်ကြာတော့ သူတချက်လူးလိမ့်လာသည်။ သူပြန်နိုးလာပြန်သည်။ အော် အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ကိုတောင် ကောင်းကောင်းမအိပ်စက်ခိုင်းရလောက်အောင် ကံကြမ္မာက ဆိုးလှပါလားနော်။ သူကျွန်မကို ရင်ဖွင့်ဖို့ဟန်ပြင်လိုက်သည်။ ကျွန်မလည်း ဂရုတစိုက်နားထောင်ဖို့ သူ့အနားတိုးလိုက်သည်။ မမ စောနက ငိုသံကြားတယ်မို့လား။ အဲဒါတခြားသူမဟုတ်ဘူးမ။ အဲဒါ………………………..

တတိယပိုင်း မျှော်......